11 01
CHAPTER (11)
အမှောင်ယံကြီးစိုးသည့် ညအချိန်ဖြစ်၍ လမ်းကြိုလမ်းကြားအတွင်း မည်သူတစ်ဦး ကိုမျှ မမြင်နိုင်သည်အထိ ပိတ်ပိန်းမှောင်မဲလို့ နေသည်။ နွေဦးညအလယ်၌ လေလွင့်ကြောင်၏ တမြောင်မြောင် အော်သံတို့မှာ လမ်းကြားအလယ်၌ ရံဖန်ရံခါ ထွက်ပေါ်လို့ နေသည်။ လူငယ်တစ်ဦး မှ လက်အတွင်း အထုပ်အပြည့် ထုပ်ပိုးထားသည့် ပစ္စည်းဥစ္စများကို ထုတ်ပိုးပြီး တစ္ဆေတစ်ကောင်အလား လမ်းကြားအတွင်း ခပ်သုတ်သုတ် လျှောက်လှမ်းနေ၏။
လူသာမန်အဖို့ ဥစ္စာဟူသည် ဗိမာန်ဖြစ်၏။ လီတုန်လောင်းကစားအိမ်တော်၌ ငွေအမြောက်အများ အနိုင်ရရှိခဲ့သဖြင့် မလွဲဧကန် တစ်စုံတစ်ယောက်အား ဘဝင်မကျ ဖြစ်စေခဲ့ရမည်ပင်။ လမ်းမကြီးမှ သာ ဖြတ်သွား၍ လူမိခဲ့သော် လက်ရှိ ဟယ်မိသားစုအဖို့ အမြတ်ထက် အရှုံးများခဲ့ဦးမည်။ ဟယ်မိသားစုအား ထပ်မံ၍ ပြဿနာဖြင့် ရင်မဆိုင်စေလိုပေ။ သို့သော်လည်း ပြဿနာဟူသည် စိုးရိမ်လေလေ၊ ဖြစ်လာလေလေပင်။ လမ်းမဘက်သို့ မျက်နှာမူနေသည့် လမ်းကြားအဆုံး၌ ဟယ်ယန် ရပ်တန့်လိုက်သည်။ လမ်းမကြီးသည် လီတုန်အိမ်တော်ကဲ့သို့ မစည်ကားနေဘဲ ဈေးဆိုင်ငယ်လေးများ၊ အရက်ဆိုင်ငယ်များသာရှိနေပြီး ယခုလက်ရှိအချိန်၌ ဆိုင်တံခါးများအားလုံး ပိတ်နှင့် နေပြီ။ လမ်းမပေါ်၌လည်း လူသူတစ်ဦး မျှ မရှိဘဲ ခပ်ပျပျလင်းနေသော လရောင် နှင့် ကြယ်ရောင် တို့ကြောင့် လမ်းမ၌ လရောင် မှုန်မှုန်လေးသာ ရှိနေသည်။
ဟယ်ယန် ခေါင်းငုံ၍ ဆောင့်ကြောင့်ထိုင်ချပြီး ခဲလုံးအချို့ ကောက်ယူလိုက်သည်။ ခဏတာ ငြိမ်သက် စဉ်းစားပြီးနောက် ဆတ်ကနဲလှည့်ပြီး ကျောအနောက်ဘက်သို့ ခဲဖြင့် လှမ်းပစ်လိုက်သည်။ မြှားတစ်စင်း၏ မြှားခေါင်းပမာ ခဲလုံးများ၏ အရှိန်မှာ စူးရှလျင်မြန်နေခဲ့သည်။
"ဖတ်၊ ဖတ်၊ ဖတ်"
မြည်သံအချို့ ထွက်ပေါ်လာခဲ့ပြီး အမှောင်ထုအတွင်း တစ်စုံတစ်ယောက် ပြုတ်ကျသွားခဲ့သည်။
"ငါ့အနောက်က မလိုက်နဲ့"
ဟယ်ယန် ပြောလိုက်သည်။
![](https://img.wattpad.com/cover/359908865-288-k588007.jpg)