CHAPTER (70)
နေရာကျဉ်းပိုမိုကျဉ်းမြောင်းသွားပြီး လေ့ကျင့်ရေးစင် အသေးတစ်ခု အရွယ်ပမာမျှ သာ ရှိ တော့သည်။ သို့သော်လည်း မိမိပြိုင်ဖက်သည် သွေးစာနေသည့် သတ္တဝါအရိုင်းတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ လက်ရှိ ဟယ်ယန့် လက်တစ်ကမ်းအတွင်း မည်သည့် လက်နက်ကိရိယာမျှ မရှိ လျက် နှစ်ပိုင်းကျိုးထွက်သွားသည့် ဝါးရင်းတုတ်ပင် ရှိ မနေပေ။ ဝံပုလွေ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ခပ်မှိန်မိန် တောက်နေသည်။ ဤသတ္တဝါများသည် ဉာဏ်ရည်မြင့်၍ ရက်စက်သောသတ္တဝါများဖြစ်ပြီး လက်ရှိ အခြေနေ၌ လူသားတစ်ဦးအသက်ရှင်ရန်မဖြစ်နိုင်ပေ။
ဟယ်ယန့်နှုတ်ခမ်းအစွန်၌ အပြုံးခါးတစ်ချက် တွန့်ကွေးသွားသည်။ ကြမ္မာမှ မိမိအား တမူထူးခြားသည့် အခန်းကဏ္ဍတစ်ခုဖြင့်ရင်ဆိုင်စေခဲ့သည်။ မိမိသည် ကြုံဆုံရသမျှ အန္တရာယ်တိုင်းကို အလွယ်တကူကျော်ဖြတ်နိုင်သည့် ထူးခြားဆန်းပြားသူရဲကောင်းလည်း မဟုတ်ပေ။ ဤထောင်ချောက်အား မုဆိုးတစ်ဦးမှ ယုန်ထောင်၊မြေခွေးထောင်ရန် ဆင်ခဲ့ခြင်းဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့် အမျှ သစ်ရွက်ကြွေများ၊သစ်ကိုင်းများနှင့် လုံးလုံးဖုံးအုပ်ကုန်ခဲ့ပြီး မည်သည့် ခြေရာလက်ရာမျှ မကျန်ခဲ့ခြင်းသာဖြစ်မည်။ လက်ရှိ ဤနေရာ၌ ဝံပုလွေတစ်ကောင်ဖြင့် လုံးထွေးသတ်ပုတ်နေရာမှ ဤချောက်အတွင်း လုံးထွေးပြုတ်ကျခဲ့လိမ့်မည်ဟု မထင်မှတ်ထားမိပေ။ ယခုအခါ ထွက်လမ်းမဲ့ဖြစ်နေခဲ့ပြီ။
ဖြည်းညှင်းစွာ ထလာသည့် ဝံပုလွေကဲ့သို့ ဟယ်ယန်လည်း မတ်တပ်ရပ်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း လှုပ်ရှားမှုတစ်ချက် မှ ဟယ်ယန့်ကိုအခြေနေမကောင်းကြောင်း သိစေခဲ့သည်။ ပြုတ်ကျခဲ့စဉ် ခြေထောက်ထိခိုက်မိပြီး ဘယ်ဘက်ခြေမှ လှုပ်ရှားမှုပြုသည်နှင့် တဒုတ်တဒုတ် စူးအောင့်နာကျင်မှုကို ခံစားခဲ့ရသည်။ ဟယ်ယန်ကျောက်တုံးကိုမှီ၍ မိမ်ကိုယ်ကိုယ်ထူမလိုက်သည်။ ဝံပုလွေမှ ဝပ်ချလိုက်ပြီး ခပ်အုပ်အုပ်မာန်ဖီသံပြုလိုက်သည်။ ဟယ်ယန် နံရံနှင့် ကျောတစ်ပြေးတည်း ကပ်လျက် ၎င်းကိုစိုက်ကြည့်နေပြီး ငြိမ်ငြိမ်လေးရပ်နေလိုက်သည်။ ခြေလှမ်းအနည်းငယ်မျှ လျှောက်လှမ်းပြီး နောက် ဝံပုလွေကြီးဟယ်ယန်ထံခုန်ဝင်သွားသည်။