သူမက ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသောကြောင့် ထိုရှည်မျောမျောအရိပ် Dining Room ထဲဝင်လာသည်ကို သေချာမြင်နေရသည်။အရပ်ကို တော်တော်ရှည်သောထိုသူသည် ပုခုံးကျယ်ကျယ် ဘော်ဒီတောင့်တောင့်တင်းတင်းဖြစ်ကာ သူ့ကိုယ်သူ နိုင်ငံ့အကြီးအကဲတစ်ယောက် အစည်းအဝေးလာတက်သကဲ့သို့ ဟန်ပါပါလျှောက်လာနေသည်က အတော်ပင်ကြည့်ကောင်းလေသည်။ရှပ်အင်္ကျီအဖြူရောင်ကို လည်ပင်းကြယ်သီးနှစ်လုံးဖြုတ်ပြီး လက်ခေါက်ဝတ်ထားကာ Slim_fit စတိုင်ပန်အနက်ရောင်ကို အချိုးကျကျဝတ်ထားသောပုံစံသည် မသိလျှင် သူဟာ Brand တစ်ခုကိုကြော်ငြာပေးရမည့် မော်ဒယ်တစ်ယောက်လို သားသားနားနားပင်။
ဝင်လာရင်းမှ ပါးစပ်ထဲကလက်ဖက်ရည်ကို မျိုမချနိုင်သေးဘဲ သူ့ကိုငေးကြည့်နေသည့် သူမ၏မျက်နှာဆီသို့ တစ်ချက်အကြည့်ရောက်လာလျှင် သူမနှင့်တစ်ခဏမျှ မျက်လုံးချင်းဆုံသွားရသည်။ထိုအခါ သူမကို ဖျတ်ခနဲ တစ်ချက်ပဲကြည့်ကာ သူ့နောက်ကပါလာသည့်လူနှင့်အတူ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်သည်။ထို့နောက် နောက်ကပါလာသောလူက ဝန်ထမ်းတစ်ယောက်ကိုလှမ်းခေါ်ကာ စားသောက်ရန်အတွက်ကို မှာကြားနေပုံရလေသည်။
ထိုသူကိုကြည့်နေရင်း သူမ၏အာရုံက တစ်ခုခုကို သတိပြုမိသလိုဖြစ်လာရလျှင် အတည်ပြုရန်အတွက် သီဟအား လေသံတိုးတိုးနှင့်မေးရသည်။
"သီဟ ဟိုဘက်စားပွဲမှာထိုင်နေတဲ့လူက အဲ့လူလား...။ခုလေးတင်ဝင်လာပြီးတော့ ထိုင်နေတာ..."
သီဟတို့စုံတွဲက ဝင်ပေါက်ကိုကျောပေးကာ သူမနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောကြောင့် ထိုသူဝင်လာသည်ကို မမြင်ရပေ။သူမ ပြောလိုက္်မှသာ နှစ်ယောက်လုံးက ပြိုင်တူလှမ်းကြည့်လိုက်ကြရင်း
"အေး ဟုတ်တယ်..။အဲ့လူပဲ..."
"အိုမို...တကယ်ကြီးချောတာဟ.."
သီဟက မျက်လုံးတွေတမင်ပြူးပြီး ပါးစပ်ကိုလက်နှင့်အုပ်ကာ ချက်ချင်းကြီး အိုပါးဇာတ်ခင်းချင်နေသောသူ့မိန်းမအား မကျေနပ်သလိုတစ်ချက်ကြည့်ပြီးမှ သူမကိုပြောလာသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
