Dome ထဲမှာ နံနက်ခင်း၏အလင်းရောင်က လင်းလင်းကျင်းကျင်း ဝင်ရောက်နေပြီ။
သူမက နိုးလာပြီဆိုပေမဲ့ နွေးနေသောရင်ခွင်ထဲကနေ မထချင်သေးသည်မို့ ပိုမိုတိုးကပ်ကာ တိုးဝှေ့ဝင်ရောက်ရင်း သူ့ရင်ဘတ်နှင့် မျက်နှာကိုကပ်ထားမိသည်။ထိုအခါ ဖက်ထားသောသူ့လက်တွေက ပို၍တင်းကျပ်စွာ ထွေးဖက်လာကာ သူမ၏ခေါင်းထက်သို့ ဖိကပ်နမ်းလိုက်သည်ကိုလည်း ခံစားလိုက်ရသည်။သူ့ထံမှ ရနေကျကိုယ်သင်းနံ့က တိတ်ဆိတ်အေးချမ်းနေသော နံနက်ခင်းနှင့်လိုက်ဖက်စွာပင် နှစ်လိုဖွယ်ရာကောင်းလှပြီး လုံခြုံနွေးထွေးသော ခံစားချက်ကိုပေးလေသည်။သို့နှင့်ပင် သူ့လက်တွေက ကျောပြင်ကိုဖွဖွလေးပုတ်ပေးနေသည်မို့ အသာငြိမ်နေမိသော်လည်း မျက်လုံးတွေကမအိပ်ချင်တော့။ထိုသို့ဖြင့် ခဏကြာလျှင် သူက နဖူးကိုတစ်ချက်နမ်းကာ ထမည့်ဟန်ပြင်လိုက်သောကြောင့် သူ့ရင်ဘတ်အင်္ကျီစကိုဆွဲထားလိုက်ရင်း
"မထသေးနဲ့ဦး..."
အိပ်ရာကနေ ထတော့မည့်သူက ထွက်ပေါ်လာသော အသံတိုးတိုးလေးကြောင့် ငုံ့ကြည့်လိုက်လျှင် သူမက မျက်လုံးပြူးလေးနှင့် မော့ကြည့်နေသည်ကို တွေ့ရလေသည်။ရင်ထဲကို နွေးခနဲပင်ဖြစ်သွားကာ ဒီပုံစံ ဒီလိုလေသံလေးနှင့် တားလာသည်ကြောင့် သဘောခွေ့သွားမိရင်း
"ဘာလို့လဲ...။သဲ အိပ်ချင်သေးရင် အိပ်ဦးလေ...။ကိုယ်က Breakfast ပြင်ပေးမလို့..။နှစ်ရက်လုံးလုံး အပြင်ကအစားအသောက်တွေနဲ့ ဟိုတယ်စာတွေပဲစားနေရတာ ဒီနေ့တော့ ကိုယ်ချက်ကျွေးမယ်..."
ပြောရင်း သူက ပါးလေးကိုကိုင်၍ နှာခေါင်းလေးကိုဖွဖွနမ်းလိုက်ကာ
"ဘာစားချင်စိတ်ရှိလဲပြော..."
ထိုအခါ တွေဝေသွားသောသူမက မျက်လွှာချပြီးစဉ်းစားနေလျှင် သူက မျက်ခွံလေးတွေပေါ်သို့ ထပ်နမ်းလိုက်သည်။သူမကတော့ လက်ညှိုးလေးကိုသွားနှင့်ကိုက်ကာ စဉ်းစားနေရင်းမှ ခဏအကြာမှာ သူ့ကိုမျက်လွှာပင့်ကြည့်ပြီး မရဲတရဲပြောလိုက္မိသည်။
"တကယ်တော့လေ....မန်းလေးမပြန်ရတာကြာတော့ မန်းလေးစာတွေလွမ်းနေတာ...။မုန့်ဟင်းခါးလဲသောက်ချင်တယ်..၊မုန့်တီလဲစားချင်တယ်..၊မြီးရှည်လဲစားချင်တယ်..၊အုန်းနို့ခေါက်ဆွဲ ခိုတောင်မုန့်တီ အကုန်လုံးစားချင်နေတာ...။ဒါပေမဲ့ အဲ့ဒါတွေက ဒီမှာတော့ မလွယ်လောက်ဘူးလေနော်..."

ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...