"နိုရာ ဖေဖေ့ဆီလာပါဦး..."
သူက လှေကားပေါ်ကနေ ခုန်ပေါက်ကာဆင်းလာသည့် သူ့ရဲ့ချစ်လှစွာသောသမီးလေးကို လှမ်းခေါ်လိုက်လျှင် ဧည့်ခန်းကဆိုဖာမှာ ထိုင်နေသောသူ့ရှေ့ဆီသို့ သွက်လက်တက်ကြွစွာပဲ ချက်ချင်းရောက်လာသည်။ထို့နောက် ပေါင်ပေါ်တက်ထိုင်လိုက်ပြီး သူ့ကို ပြုံးရွှင်စွာကြည့်လာသော မျက်နှာလေးထက်က ကြည်လင်တောက်ပနေသည့် မျက်လုံးစူးစူးလေးတွေကို တည့်တည့်စိုက်ကြည့်လိုက်ရင်း
"သမီး ဒီနေ့ နေ့လယ်ပိုင်းကနေ အခု ညနေပြန်လာတဲ့အချိန်ထိ ဘယ်တွေသွားလဲဆိုတာ ဖေဖေ့ကိုပြောပြပါဦး..."
သူ့ဆီမှအမေးစကားကိုကြားသည်နှင့် လှေကားကနေ တစ်လှမ်းချင်းတည်ငြိမ်စွာဆင်းလာသော သူ့အစ်ကိုဆီသို့ ချက်ချင်းလက်ငင်းပင်အကြည့်ရောက်သွားသည်။ထိုအခါ သူ့ညီမရဲ့အကြည့်ကို နားလည်သဘောပေါက်သောနေသန်က မျက်တောင်တစ်ချက္မခတ်ဘဲ လေသံအေးအေးနှင့် ပြန်ပြောလာလေသည်။
"ကိုကိုမပြောလဲ ဖေဖေကသိနိုင်တယ်ဆိုတာ သိပြီးသားမို့လား...။ဘာလို့ အထူးအဆန်းလုပ်ပြီးတော့ လာကြည့်နေတာလဲ..."
ထိုအခါကျမှ အစ်ကိုဖြစ်သူဆီကနေအကြည့်လွှဲကာ သူ့ကိုတည့်တည့်ပြန်ကြည့်လာသော မျက်ဝန်းလေးတွေသည် တိုးလျှိုးသည့်ဟန်ပေါက်ပေမဲ့ စူးရှနေသည်က တစ်ချက်လျော့မသွား။ထို့နောက် သွားလေးတွေအကုန်ပေါ်အောင် ဖြဲခနဲရယ်ပြရင်း သူ့လည်ပင်းကို လက်လေးတွေကသိုင်းဖက်လာသည်။ပြီးလျှင် ထုံးစံအတိုင်း သူ့အသည်းနှလုံးကို သကာရည်လောင်းသည့်စကားသံလေးများက သွက်သွက်လက်လက်ပင် ထွက်ပေါ်လာလေသည်။
"လေးညီတို့ ဟိုတယ်ကိုလာခေါ်တဲ့ Trekking အဖွဲ့ထဲမှာ ကလေးလေးတွေပါတယ်လေ ဖေဖေရဲ့..။သူတို့က လူကြီးတွေလမ်းကြောင်းလဲ မလိုက်နိုင်ဘူး...။ဒီမှာကျန်နေခဲ့တော့လဲ ပျင်းနေကြမှာဆိုတော့ နိုရာက ကလေး Trekking လမ်းကြောင်းကို ခေါ်သွားပေးလိုက်တာ...။အဲ့ဒါလေ..တော်တော်ပျော်နေကြတယ်သိလား ဟီးဟီး...."
မျက်စိရှေ့မှာ ကျေနပ်စွာရယ်မောနေသောမျက်နှာလေးသည် မျက်လုံး၊မျက်ခုံးလေးတွေ၊နှုတ်ခမ်းလေးတွေက အမေဖြစ်သူနှင့်တစ်ထေရာတည်းတူကာ သူနှင့်ဆင်လှသောမျက်နှာကျလေးကတော့ အရွယ်လေးနှင့်မလိုက်အောင် ဝင့်ကြွားလှပသည်။မျက်တောင်ရှည်ကြီးတွေကာရံကာ အမေဖြစ်သူထက်ပင်ပိုလှသော မျက်ဝန်းလေးတွေ၏စူးရဲတောက်ပနေပုံကတော့ သူနှင့်တထေရာတည်း။ထိုမျက်ဝန်းလေးတွေ၏ စူးစူးရှရှကြည့်တတ်ပုံတွေက မြင်လိုက်သည်နှင့် သူ့သမီးဆိုတာကို တန်းပြီးသိသာနေစေသော အသွင်အပြင်မျိုးလည်းဖြစ်နေပြန်သည်။ထို့အပြင် စိတ်ဓာတ်ကပါ သူနှင့်တစ်ပုံစံတည်းဖြစ်ကာ သူငယ်စဉ်က စိတ်အားထက်သန်မှုမျိုးထက်တောင်ပိုသော ဒီကလေးသည် သူ့သွေးအပြည့်နှင့်သူ့သမီးပင်။
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...