"စားလို့ကောင်းလား..."
"အွန်း...အရမ်းကောင်းတယ်..။ဒီဟာစားနေရရင်ကို လူဖြစ်ရကျိုးနပ်နေသလိုပဲ..."
အခုတလော သူမကို နေ့တိုင်းနီးပါး လုပ်ကျွေးဖြစ်နေသည်က အဆီမပါသည့်အမဲသားကို ဆော့စ်များများဆမ်းကာ ဝါးလိုက်သည်နှင့် ပါးစပ်ထဲမှာ အရည်ပျော်သွားသလို ခံစားရအောင် သေချာပြင်ဆင်ပေးထားလေသည့် မူလလက်ဟောင်း သူ့ရဲ့လက်ရာ Beefsteak သာပင်။
ကိုယ်ဝန်အစပိုင်းမှာ အနံ့မခံနိုင်၍ ကြည့်တောင်မကြည့်ချင်ခဲ့သော Steak က အခုတော့ တမ်းတမ်းစွဲဖြစ်နေရပြန်ပြီ။
ထိုကဲ့သို့ သူမက မစားရမနေနိုင်ဖြစ်ကာ ချင်ခြင်းတပ်လာသည့်အချိန်မှာ ကောင်းကောင်းကြီးဒုက္ခရောက်နေရသည်ကတော့ သူပင်။
ကိုယ်ဝန်အစပိုင်းတုန်းက မစားနိုင်၍ အတန်ကြာအောင် လှည့်မကြည့်ဘဲနေခဲ့ရာမှ ရုတ်တရက်စားချင်သည်ဟု ပြောလာသည့်နေ့တွင် သူက ဝမ်းသာအားရနှင့်ပဲ ပြင်ဆင်ပေးဖို့လုပ်သည်။သို့သော် အမဲသားကိုကိုင်လိုက်သည်နှင့် အန်ချင်စိတ်တို့က မနေနိုင်မထိုင်နိုင်အောင် ပေါ်ပေါက်လာရသည်မှာ ဘယ်လိုမှပင် ထိန်းချုပ်၍မရနိုင်။ထိုသို့ဖြင့် အနံ့တောင်မခံနိုင်သည့်ကြားမှ ကြိတ်မှိတ်ကာ ပြင်ဆင်ပေးလိုက်ရသည်မို့ ထိုနေ့က သူ့မှာ တော်တော်တိုင်ပတ်ခဲ့ရလေသည်။
အခုလည်း တကယ်စားကောင်းနေသည့်ပုံစံနှင့် အားရပါးရစားသောက်နေသော သူမ၏မျက်နှာလေးကိုငေးကာ ကျေနပ်နေမိသောသူက တကယ်တမ်းတော့ နေရထိုင်ရသည်မှာ အတော်ပင်အဆင်မပြေဖြစ်နေသည်။ရင်ဘတ်တစ်ခုလုံးက လေဆင်နှာမောင်းတိုက်ခတ်သလို ဗြောင်းဆန်နေကာ တစ်ခါတလေမှာ ဇွတ်အတင်းဆန်တက်လာသော အန်ချင်စိတ်တွေအား မနည်းထိန်းချုပ်ကာနေနေရသည်။ထိုကဲ့သို့ ရင်ထဲမှာပျို့တက်ကာ မအီမလည်ကြီးခံစားနေရသည်က တော်တော်ဆိုးဆိုးဝါးဝါးပေမို့ တစ်ခါတစ်ရံများဆို ယောက်ျားကြီးတန်မဲ့ မျက်ရည်တောင်ဝဲတက်လာရသည်အထိပင်။ထို့ကြောင့် ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်အားနှင့် သူ့ရဲ့ခိုင်မာလှသောသမာဓိအားတို့ကို ဒီနေရာမှာ ကောင်းကောင်းအသုံးချကာ ဘယ်လောက်ထိခံနိုင်ရည်ရှိမလဲဆိုသည်ကို ကိုယ်တိုင်စောင့်ကြည့်ရင်း အတတ်နိုင်ဆုံးထိန်းချုပ်နေရလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...