အပိုင်း ၂၈၆ (စာစဉ် ၂၀ အပိုင်း ၁)

254 21 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၆ (စာစဉ် ၂၀ အပိုင်း ၁)
ဒီနတ်ဆိုး သေကို သေရမယ်!

"မရဘူး!" ဟောင်ရန်ဓားကလန်ခေါင်းဆောင်က ကန့်ကွက်လိုက်သည်။ 
သေခြင်းခုနစ်ပါးမိစ္ဆာသခင်သည်လည်း ဝင်ရောက်ပြောဆိုလာသည်။
"ဟုတ်တယ် အဲ့ဒီလိုလုပ်လိုက်ရင် စီနီယာအကို သူ့ကို ကာကွယ်ချင်တဲ့ ရည်ရွယ်ချက်က အရမ်းသိသာသွားလိမ့်မယ် ပြီးတော့ ချန်ချန်ကို အသာထား ပါရမီရှင်အများစုက မာနကြီးကြတယ် စီနီယာရဲ့ ရည်ရွယ်ချက်ကို သူ သိသွားတာနဲ့ သူကိုယ်သူ တန်ဖိုးထားမှု လျော့နည်းသွားလိမ့်မယ် သူအသည်းအသန် ကြိုးစားထားရတဲ့ ပြိုင်ဘက်ကင်းစိတ်ဆန္ဒကိုလည်း သက်ရောက်သွားလိမ့်မယ်!"

"ဟုတ်တယ် အစစ်အမှန်ပါရမီရှင်တစ်‌ယောက်ဟာ ရှုံးနိမ့်တာကို လက်ခံနိုင်ရမယ် သိမ်ငယ်စိတ်ဝင်လို့ မရဘူး! ကျုပ်တို့အားလုံးဟာ ဆင်တူတဲ့ အခြေအနေ‌တွေနဲ့ တူညီတဲ့ အတွေ့အကြုံတွေ ရခဲ့တာချည်းပဲ စီနီယာ အဲ့ဒါကို နားလည်သင့်တယ်"

၎င်းကို ကြားပြီး ကျောက်စိမ်းဆေးမီးဖိုကလန်ခေါင်းဆောင် စိတ်ပျံ့လွင့်သွားပြီး အခြားသူများသည် သူ့ကို နှာခေါင်းရှုံ့နေကြ၏။
သူတို့ ချန်ချန့်ကိုပင် မနာလိုဖြစ်မိကြသည်။ 'ဒီလူအိုကြီးက ဘာကို စိုးရိမ်နေတာလဲ?'
သူ ပေးထားသော ရတနာများနှင့်ဆိုလျှင် ချန်ချန် တစ်လက်မပင် မရွေ့ဘဲ ဒီအတိုင်းရှိနေလျှင်ပင် လေချိုးဖျက်ခြင်းနတ်ဆိုးအင်ပါယာသည် ချန်ချန့်ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
အများဆုံးအနေဖြင့် ရှုံးနိမ့်ရုံပင်။
ယခု ချန်ချန်သည် တက်ကြွပြီး မာနကြီးကာ သူ့စိတ်ထားသည် ပြောင်းလဲသွားဖို့ များပေသည်။ သူ့အား ရှုံးနိမ့်မှုကို ခံစားစေခြင်းက မကောင်းသော အရာမဟုတ်ချေ။
'ဟမ့်! ချမ်းသာတဲ့ ဒီလူအိုကြီးက သူ့ကလေးတွေကို ဖူးဖူးမှုတ်‌ထားတာပဲ?'
'ဒေါသထွက်ဖို့ ကောင်းလိုက်တာ! ငါတို့ရဲ့ အချစ်ဆုံးတပည့်တွေကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် အပြင်းအထန် တိုက်ခိုက်နေရတုန်းပဲ!'

နတ်ဆိုးဖိနှိပ်ခြင်းမြို့တွင်
ချန်ချန် မထွက်ခွာခင် နတ်ဆိုးဖိနှိပ်ခြင်းမြို့ရှိ ကျင့်ကြံသူအားလုံးသည် သူ့ကို လာရောက်နှုတ်ဆက်ကြ၏။
ရှရှီယွမ်သည် ချန်ချန့်ဘေးတွင် ရပ်နေပြီး သူမ မျက်ဝန်းများက အလွန်အမင်း နီရဲနေသည်။
နတ်ဆိုးဖိနှိပ်ခြင်းမြို့တွင် သူမ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် ဤကျင့်ကြံသူများကို ရဲဘော်ရဲဘက်များအဖြစ် သူမ သတ်မှတ်ထားလေပြီ။ ယခု စစ်ပွဲက မပြီးဆုံးသေးဘဲ သူမ ထွက်ခွာရတော့မည်။ ၎င်းက သူမကို ဝမ်းနည်းစေ၏။
သူမ ဝမ်းနည်းနေရုံသာမက အပြစ်ရှိသလိုလည်း ခံစားနေရသည်။
တကယ်ဆို သူမ၏ ဆရာကို သူမ စိတ်ပျက်စေခဲ့ပြီဟု ခံစားနေရသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now