Chapter 136
နန်ယောင်ချွမ်က ဝိညာဉ်ခေါ်အလံကို လက်ဖြင့်ထိလိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားသည်။ သူ မိုးကုပ်စက်ဝိုင်းကို ခံစားချက်အပြည့်ဖြင့်ကြည့်နေစဉ် လက်အောက်ငယ်သားက သတင်းတစ်ခုဖြင့် ရောက်လာသည်။
" နတ်ဆိုးသားရဲချုန်းချီက နတ်ဆိုးမြို့တော်ထဲမှာ ပေါ်လာပြီး အရံအတားထဲမှာ ခဏပိတ်မိထားပါတယ်... ဧကရာဇ်က အရံအတားထဲမှာ ရှိနေပါတယ်..."" ခမည်းတော်..."
နန်ယောင်ချွမ်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး တဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်သည်။
" ငါ နတ်ဆိုးမြို့တော်ကိုသွားမယ်... ငါ ပြန်မလာခင်အထိ မင်း ဒီစင်မြင့်ကို စောင့်ကြပ်နေ..."ထို့နောက်တွင် နန်ယောင်ချွမ်က အနက်ရောင်မြူအဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။
.....
နတ်ဆိုးလောက၏အခြားတစ်ဖက်ဖြစ်သော ပါ့ဟွမ်(စွန့်ပစ်မြေရှစ်ပါး)၏ ကောင်းကင်ထက်၌ မိုးကြိုးတိမ်တိုက်များဖြင့်ပြည့်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။ အနီးကပ်ကြည့်မည်ဆိုပါက မိုးကြိုးမုန်တိုင်းများက တဖြည်းဖြည်း အနီမှ အနက်ရောင်ပြောင်းလဲလာပြီး လှိုဏ်ဂူတစ်ခုထဲ စုဝေးနေသည်ကို တွေ့နိုင်ပေသည်။
ထိုလှိုဏ်ဂူနှင့် မနီးမဝေးလှိုဏ်ဂူထဲတွင်...
မီးခိုးရောင်အတောင်ပံများနှင့် ခွေးပေါက်လေးတစ်ကောင်က နွေးထွေးလှသည်အသိုက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ သူ တစ်ဖက်သို့လှိမ့်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများပွင့်လာကာ ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။
မကြာမီအချိန်တွင် လူတစ်ယောက်ရောက်လာပြီး နတ်ဆိုးမြို့တော်မှအကြောင်း သတင်းလာပို့ပေသည်။
အောင်းယွဲ့၏မျက်နှာက သိသိသာသာပြောင်းလဲသွားပြီး မျက်နှာထက်မှ မိုးရေများကိုသုတ်ပစ်ကာ မိုးကြိုးများစုဝေးနေရာ လှိုဏ်ဂူဘက်သို့သွားရန် ပြင်လိုက်သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် ကောင်းကင်ပေါ်မှ တိမ်တိုက်များကိုမော့ကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည့်ဟန် ဖြစ်သွားသည်။