Chapter 125
လေထဲတွင် ရနံ့ဖျော့ဖျော့တစ်မျိုးရှိနေပြီး ရှန်းလျိုရှန့်က ထိုရနံ့ကိုရှုကြည့်ပြီးသည့်နောက်တွင် တွေးဆဆဖြစ်သွားသည်။
အချစ်ပန်းကူပိုးကောင်၏အဆိပ်မိနေသော ရှန်းလျိုရှန့်က ထိုအနံကိုရသည်နှင့် ယားကျိကျိခံစားလာရပြီး ဏ အနံ့ခံလိုက်သည်နှင့် လှုံ့ဆော်မှုတစ်မျိုးကို ခံစားလာရသည်။
တစ်ခဏတွင်းချင်းမှာပင် ကျိုးရွှမ်လန်ဘေးကျပ်နံကျပ်ဖြစ်နေရခြင်းကို သဘောပေါက်သွားတော့သည်။
ရှန်းလျိုရှန့်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ခံထားရပြီး ပြန်မလွှတ်ပေးပေ။ ကျိုးရွှမ်လန်က သူ့ကို မှန်းဆရခက်သောအကြည့်ဖြင့် ကြည့်နေပြီး သူတွေးတောနေသည်များကို သိချင်နေပုံရသည်။ ရှန်းလျိုရှန့်က အခြားလက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကိုစမ်းလိုက်ပြီး ရှန်းလျိုရှန့်အစစ်ဟုတ်ကြောင်း မဟုတ်ကြောင်းကို သူနှင့် ငြင်းခုံမနေတော့ဘဲ ဆေးလုံးကို ကျိုးရွှမ်လန်အား မျိုချခိုင်းရန် ပြင်တော့သည်။
ဧကရာဇ်ယွင်ယွီပေးသည့်ဆေးလုံးကို သောက်ပြီးသည်နှင့် ခန္ဓာကိုယ်မှ ခြောက်သွေ့မှုများ ပျောက်ကွယ်သွားပြီး ဒြပ်စင်လေးခုလုံး ဗလာကျင်းသွားသည့် အနေအထားမျိုးကို ရောက်ရှိလာမည်ဖြစ်သည်။
ရှန်းလျိုရှန့်၏ လက်ချောင်းဖြူဖြူသွယ်သွယ်များက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းကိုထုတ်လိုက်တော့မည့်အချိန်တွင် သူ့လက်ချောင်းများကို တိတ်တဆိတ်ပြန်ကွေးပြီး ရပ်တန့်သွားလိုက်သည်။
ထိုအခိုက်အတန့်တွင် ကျိုးရွှမ်လန်က သူ့ကိုလွှတ်ပေးလိုက်ပြီး ပေအနည်းငယ်ခန့်အထိ လွင့်သွားအောင် တွန်းထုတ်လိုက်သည်။
ရှန်းလျိုရှန့်၏ ခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်လာပြီး ကျောက်နံရံကိုလက်ဖြင့်မှီထားလိုက်ရသည်။ ထို့နောက် ဤနေရာကျဉ်းကျဉ်းလေးထဲတွင် ဩရှရှအသံတစ်သံ ပဲ့တင်ထပ်လာသည်။
" မင်း မသေချင်ဘူးဆိုရင် ငါနဲ့ဝေးဝေးနေ..."စကားဆုံးသည်နှင့် ကျိုးရွှမ်လန်က မျက်လုံးမှိတ်ထားပြီး တရားထိုင်လိုက်ကာ နှောင့်ယှက်ခံလိုက်ရသည့် စိတ်အခြေအနေကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရန် ကြိုးပမ်းလိုက်သည်။
ဘယ်သူက အယောင်ဆောင်နေမှန်းတော့မသိပေမယ့် ဒီလူက တော်တော်လေးကို ထူးချွန်တာပဲ... ငါ သတိကြီးကြီးထားနေတာတောင်မှ တစ်ချက်တစ်ချက်မှာ ရှစ်စွမ်းအစစ်လို့ ထင်သွားမိသေးတယ်...