အခန်း ၂၄ ဧကရာဇ် ကြွလာပြီ
"ကြိုဆိုနေစရာ မလိုပါဘူး!" စိတ်မရှည်စွာနှင့် မောက်မာပုံရသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဖယောင်းတိုင်မီးများဖြင့် တောက်ပနေသော အတွင်းခန်းထဲတွင် မော့ဘိုင်က သူ့၏အင်္ကျီလက်စများ ဖြည်းညှင်းစွာ လှုပ်ခတ်လိုက်ရာ အားနည်းသော ဖယောင်းတိုင်မီးလေးတစ်ခုသာ ကျန်နေခဲ့ပြီး ကျန်သည့်ဖယောင်းတိုင်အားလုံး ငြိမ်းသွားခဲ့သည်။
မော့ဘိုင်က ကျွော့ချင်းကိုလည်း ခန်းဆီးနဲ့ကပ်နေတောင် တွန်းပို့လိုက်သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာဘဲ သူမ၏ လက်ထဲသို့ ဗန်းတစ်ဗန်းရောက်လာပြီး လျင်မြန်သော ခြေသံများလည်း ထွက်ပေါ်လာသည်။ ကျွော့ချင်းက မော့ကြည့်လိုက်တော့ အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထိုလူက ကျွော့ချင်းဘက်ကို ကျောပေးထားတာကြောင့် သူ့အသွင်အပြင်ကို မမြင်ရပေ၊ ထိုလူက မီးခိုးရောင်နှင့် အနက်ရောင်ပါသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး အင်္ကျီလက်ပေါ်တွင် ရွှေချည်ဖြင့် ထိုးထားသော တိမ်ပုံစံပန်းထိုးနှင့် အနက်ရောင် နဂါးကို မြင်နေရသည်။ သူ့အဝတ်အစားတွေက သာမာန်မဟုတ်ကြောင်းပြသနေသလို အကန့်အသတ်မရှိ ဇိမ်ခံသည့်အသွင်အပြင်ကို ပြသနေသည်။ တချိန်တည်းတွင် သူ့၏ မြင့်မြတ်မှု၊ ခန့်ညားမှုနှင့် မောက်မာတက်သော သွင်ပြင်ကို ဖော်ပြနေသည်။
ထိုလူက တံခါးထဲဝင်သွားသည်နှင့် တပြိုင်နက် ကုတင်ပေါ်တွင် ကျောတစ်ဝက်မှီကာ ထိုင်နေသော လို့ရှီးယန်ကို ကြည့်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်လာပြီး "မင်း အိပ်နေလေ၊ ထိုင်ပြီး ဘာလုပ်နေတာလဲ!"
"တော်ဝင်သမားတော်က ဘယ်မှာလဲ" အခန်းကျယ်ကြီးထဲမှာ မော့ဘိုင်နဲ့ အစေခံတစ်ယောက်ကိုပဲ တွေ့လိုက်ရသည်။ အဲဒီလူက ချက်ချင်း ဒေါသဖြစ်သွားပြီး "သူက အသက်ကို မလိုချင်တော့ဘူးလား၊ အခု ဘယ်သွားနေတာလဲ!"
ကျွော့ချင်းက သူမ၏ နားရွက်များကို ညင်သာစွာ ကုတ်ချလိုက်သည်။ ဒါက ဘုရင့်ရဲ့ဂုဏ်ကျက်သရေနဲ့ တော်ဝင်ကျင့်ဝတ်လို့ ခေါ်တဲ့အရာလား?! ဒီဧကရာဇ်က စိတ်နေသဘောထား မကောင်းဘူးဆိုတာ သိသာနေတာကြောင့် သူမ ငြိမ်သက်စွာနေတာက ပိုမိုကောင်းမွန်နိုင်သည်။ ကျွော့ချင်းက ခေါင်းငုံ့ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"