CH- 73

1.2K 141 1
                                    

အခန်း ၇၃ မင်းသမီး ရောက်လာပြီ

ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင်   ရိုးရှင်းပြီး ကျယ်ဝန်းသော အပြာရောင် ရထားလုံးတစ်စီး ရပ်ထားပြီး ဘေးဘက်တွင် ဓားရှည်များကိုင်ထားသော သက်တော်စောင့်တစ်ဒါဇင်ခန့်က ရထားလုံးကို စောင့်ကြပ်ထားသည်။ သူတို့၏ အရပ်ရှည်ပြီး သန်မာသောရုပ်သွင်နှင့် ထက်မြက်ပြီး ကြောက်စရာကောင်းသော မျက်လုံးများကြောင့် သူတို့က သေချာလေ့ကျင့်ထားသော ကျွမ်းကျင်သူများဖြစ်ကြောင်း တချက်ကြည့်ရုံနဲ့ သိနိုင်သည်။

  ဝန်ကြီးချုပ်အိမ်တော်အပြင်ဘက်တွင် လူတစ်စုရပ်နေပြီဖြစ်သည်။ လို့ရှီးယန်နှင့် လို့မူဟိုင်က ရှေ့တွင်ရပ်နေပြီး လို့ရှီးဝူနှင့် ရွှယ်ရှန်းရှင်းတို့က သူတို့အနားတွင် အသီးသီးရပ်နေကြသည်။ အလွန်ပျော်နေသော ရွှယ်ရှန်းရှင်းနှင့် နှိုင်းယှဥ်ကြည့်လျှင် လို့ရှီးဝူက စိတ်ပါဝင်စားမှု ကင်းမဲ့နေပုံပေါက်သည်။ သူမက အနည်းငယ် စိတ်မရှည်တော့ပေ။

  အသက်ငါးဆယ်ကျော်ခန့်ရှိသော မော့မော့တစ်ယောက်က ရထားလုံးဆီသို့ လျှောက်သွားကာ ရထားလုံးကန့်လန့်ကာကို အသာအယာ ဖွင့်လိုက်ချိန်တွင် အတွင်းပိုင်းမှ ကောင်းမွန်စွာ ထိန်းသိမ်းထားသော လက်တစ်စုံကို ဆန့်ထုတ်လိုက်သည်။ မော့မော့က လက်နှစ်ဖက်ကို အမြန်ကမ်းကာ အတွင်းမှလူ ထွက်လာနိုင်စေရန် လေးစားစွာ ကူညီပေးလိုက်သည်။

  အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက ရထားလုံးပေါ်မှ အေးဆေးတည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။ သူမက အသုံးအဆောင်ပစ္စည်း အနည်းငယ်သာ ၀တ်ထားသေးသော်လည်း လှပသော ခရမ်းရင့်ရောင်၀တ်စုံက သူမကို ပို၍ပင် မွန်မြတ်နေပုံပေါ်စေသည်။

  မယ်တော်မိဖုရားကြီး၏ နောက်မှ ဆင်းလာသောသူက ချောင်ယွမ်မင်းသမီးဖြစ်ပြီး သူမ၏ငန်းဝါရောင်ဖျော့ဖျော့၀တ်စုံက သူမကို ပိုပြီး ကြည့်ကောင်းနေစေသည်။ ဥာဏ်ရည်ထက်မြက်ပုံရသော နန်းတွင်းအစေခံမလေးနှစ်ယောက်က သူမကို ဘယ်ညာတစ်ဖက်ဆီမှ ကူတွဲပေးထားသည်။ သူမ၏ပျော့ပျောင်းပြီး နွမ်းလျနေသော အသွင်အပြင်ကို အခြားသူများ မမြင်စေလိုသောကြောင့် ဖြစ်နိုင်သည်။ လူတိုင်း၏အမြင်အာရုံကို ပိတ်ဆို့နိုင်ရန် မျက်နှာအကာပါသော ဦးထုပ်ကို စောင်းထားသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now