CH- 65

1.4K 139 0
                                    

 အခန်း ၆၅ စိတ်ဓာတ်စစ်ဆင်ရေး

  ယင်ထျန်းရုံးတော်တွင်...

  ကျယ်ဝန်းပြီး တောက်ပသော ဧည့်ခန်း၏အလယ်မှ ကြီးမားသော စားပွဲခုံ၏အနောက်တွင် တရားဝင်ရုံးဝတ်စုံကို ဝတ်ဆင်ထားသော ရှန်ယုလန်က လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။ သူ၏ခေါင်းပေါ်တွင် "ဖြောင့်မတ်မျှတ" ဟူသော စာလုံးလေးလုံးပါသော ကမ္ဗည်းပြားကို ချိတ်ဆွဲထားသည်။ ပြိုးပြိုးပြက်ပြက်လက်နေသော ရွှေရောင်အက္ခရာများက နောက်ခံနှင့် ယှဉ်လျှင် ပို၍ ထင်ရှားတောက်ပနေသည်။ အနီရင့်ရောင်ဝတ်စုံကို ၀တ်ထားသော ရုံးတော်အမှုထမ်းနှစ်တန်းက လက်ထဲတွင် ရှည်လျားသော တုတ်ရှည်များကို ကိုင်ဆောင်လျက် တဖက်တစ်ချက်တွင် ရပ်နေပုံမှာ မာန်ပါလှပြီး ခြိမ်းခြောက်မှု အပြည့်ဖြစ်နေသည်။

  ကျွော့ချင်းက လက်တစ်ဖက်တွင် အလောင်းစစ်ဆေးမှုမှ အစီရင်ခံစာကို ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင် လွန်ခဲ့သည့်အခိုက်အတန့်က တွေ့ရှိခဲ့သော လူသတ်လက်နက်ကို နှိုင်းယှဉ်ရန် ကိုင်ဆောင်ထားခဲ့သည်။ နှိုင်းယှဉ်မှုရလဒ်က အရွယ်အစား၊ အသွင်အပြင်နှင့် ပုံစံများက အခြေခံအားဖြင့် တူညီနေသည်။ ဓားပျံက သေဆုံးသူ၏ ရင်ဘတ်မှ ဒဏ်ရာနှင့် အမှန်တကယ် ကိုက်ညီနေသည်။ ဒါပေမယ့် အခု ဧည့်ခန်းအလယ်မှာ ဒူးထောက်နေတဲ့လူက လူသတ်ခဲ့တယ်ဆိုတာ သေချာပါ့မလား။ ကျွော့ချင်းက သံသယဖြစ်နေပေမယ့် ခန်းမထဲမှာ ရှန်ယုလန်ရှိနေပြီး ကုယွင်ကလည်း အတူရှိနေခဲ့သည်။ သူမက ဒီကိစ္စကို စိတ်ပူနေစရာမလိုဘဲ အဖြစ်အပျက်ကို စောင့်ကြည့်နေဖို့ပဲ လိုတော့သည်။

  သူမ ရပ်နေသော အနေအထားမှ လီကျစ်နှင့် ရှန်ယုလန်တို့၏အမူအရာနှင့် စကားအပြောအဆိုများကို ရှင်းရှင်းလင်းလင်း မြင်နိုင် ကြားနိုင်သည်။ ကုယွင်က ဧည့်ခန်းမ၏ အဆုံးမှ တိုင်ကို ကျေနပ်စွာ မှီနေပြီး သူမ၏ ပျင်းရိနေသော ကိုယ်ဟန်အမူအရာနှင့် သေးသေးသွယ်သွယ်ပုံစံလေးက အခြားလူများ၏မျက်စိထဲတွင် ထင်းမနေဘဲ ပျောက်ကွယ်နေသော်လည်း စူးရှလွန်းသော မျက်လုံးများကို ကြည့်လိုက်မိလျှင်တော့ ဘာကိုမှ ဖုံးကွယ်မထားရဲလောက်အောင် ခံစားရပေလိမ့်မည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now