CHAPTER (89)
စားသောက်ပြီးနောက် ဟယ်ယန်လှေကားလက်ရင်းကို ဖက်တွယ်ပြီး အပေါ်ထပ်အခန်းရှိရာသို့ တက်လာခဲ့ရသည်။ ဟင်းလျာများသည် အရသာရှိလှသော်လည်း ဆန်တစ်စေ့မကျန်သည်အထိ ပြောင်စင်အောင်စားသောက်ခဲ့ရသဖြင့် အရသာရှိသည့် နတ်သုဒ္ဓါပင်ဖြစ်လင့်ကစား အဆုံးထိတစ်စေ့မကျန် မျိုချရန်ခက်ခဲလွန်းလှ၏။ သို့သော်လည်း အဆုံးအထိ ကုန်စင်အောင်စားနိုင်သဖြင့် မနက်ဖြန်ထမင်းစားခွင့်ရခဲ့ပြီ။ ရှောင်ကျွယ်ကို တစ်ချက်ငှဲ့ကြည့်ပြီး မထိတထိလှောင်လိုက်သည်။
"တကယ်ပဲ ခင်ဗျားက ရက်ရောလိုက်တာ"
အစားအသောက်မဖြုန်းတီးသင့်ဟုသာ မပြောခဲ့သော် လူပေါင်းများစွာရှေ့၌ အစားပုတ်ဖြစ်ခဲ့မည်မဟုတ်ပေ။ တခြားထမင်းစားဧည့်သည်များ မိမိကို အထူးအဆန်းသဖွယ် ကြည့်နေခဲ့ကြသဖြင့် ဟယ်ယန် အရှက်ရခဲ့သည်။ ဗိုက်ပြည့်လွန်းနေသဖြင့် ရှောင်ကျွယ်နှင့် ဆက်လက်စကားပြောလိုခြင်းမရှိသောကြောင့် အပေါ်ထပ်နားနေရန်အခန်းသို့ စားပွဲထိုးလေးဦးဆောင်မှုအနောက်မှ လိုက်သွားခဲ့သည်။ ဖေးနုလိုက်မလာသော်လည်း ဂရုစိုက်ရန် ပျင်းရိလွန်းနေသည်။ အခန်းအတွင်းသို့ ရောက်လျှင်ဘဲ အိပ်ရာအထက် ပစ်လှဲချလိုက်သည်။ လမ်းမလျှောက်နိုင်ရလောက်သည်အထိ ဗိုက်အလွန်ပြည့်အင့်နေခဲ့သည်။
အိပ်ရာသည် နူးညံ့ပျော့အိပြီး သက်သောင့်သက်သာရှိလှသည်။ ဟယ်ယန် အိပ်ရာအထက် တစ်ပတ်လှိမ့်ပစ်လိုက်သည်။ ငွေရှိသည်မှာ ကောင်းပေစွ။ အပြင်ထွက်သွားသည့်တိုင် အလွန်ပျော်ရွှင်နိုင်သည်။ ရှောင်ကျွယ်အခန်းနှင့် ကပ်လျက်ဖြစ်သဖြင့် ရှောင်ကျွယ် ဘာလုပ်နေသလဲသိချင်၍ နံရံနားတိုးကပ်ပြီး နားဖြင့်ကပ်နားထောင်ကြည့်လိုက်သည်။ နံရံထူလွန်းနေသောကြောင့်ဖြစ်နိုင်လျက် မည်သည့်အသံမျှ မကြားရပေ။ နားထောင်နေလျက်ပင် ဟယ်ယန် အိပ်ပျော်သွားခဲ့သည်။
တစ်နေကုန် နေ့တစ်ဝက်ခန့်ပြေးလွှားနေရသဖြင့် တည်းခိုဆောင်ရောက်လာသောအခါ ဗိုက်တင်းသည်အထိ စားသောက်ခဲ့ရပြီး အိပ်ရာသည်လည်း သက်သောင့်သက်သာရှိလွန်းနေသောကြောင့် အိပ်မပျော်စေရန် ထိန်းမထားနိုင်ခဲ့ပေ။ ဟယ်ယန် နိုးလာသောအခါ နေအတိဝင်ပြီး လမင်းသာသည့် ညအချိန်ဖြစ်နေပြီ။ ပြတင်းပေါက်ထဖွင့်လိုက်သောအခါ အောက်ထပ်မှ မီးအိမ်များ မီးထွန်းနှင့်ပြီးဖြစ်နေသည်ကိုပင် မြင်လိုက်ရသည်။ မဝေးလှသည့်တစ်နေရာရမှ စားသောက်ဆိုင်တစ်ခု၏ သီချင်းဆိုသံတို့ ပျံ့လွင့်နေလျက်ရှိသည်။