Chapter (85) Z+U Volunteer

3.4K 604 10
                                    

Zawgyi

Volunteer

အတော်ညဥ့်နက်နေပြီဖြစ်၍ လီကျောင်းက ရန်ထင်းကို ညလယ်စာ စားခွင့်မပြုတော့ချေ။ သူက မီးဖိုချောင်သို့သွားကာ နို့တစ်ခွက် နွေးလိုက်သည်။ "နို့သောက်ပြီး စောစောအိပ်တော့နော်။ မနက်​ဖြန်​ကျရင် ရိုက်ကူးရေးအဖွဲ့ကို သတင်းပို့ သွားရတော့မှာ။"

"ဇာတ်ကားသစ်လား။"

"ငါက မင်းသမီးအသားပေးရိုက်တဲ့ဇာတ်ကားရဲ့ မင်းသားခုနစ်ယောက်ထဲက တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ။" လီကျောင်း ရယ်လိုက်သည်။ "ငါ့ရဲ့ လတ်တလော အချိန်ဇယားက တော်တော်လေး လစ်လပ်နေတာဆိုတော့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ရင်းနှီးအောင်လုပ်ဖို့ အချိန်ကောင်းပဲ။"

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြည်သူများက အိုင်ဒေါသရုပ်ဆောင်များအပေါ် သဘောမကျမှုများ တိုးပွားလာခဲ့သည်။ လူငယ်သရုပ်ဆောင်များသည် ဖျော်ဖြေရေးနယ်ပယ်တွင် အချိန်အကြာကြီး တိုးတက်အောင်မြင်လိုပါက ပိုမိုအားစိုက်ထုတ်ပြီး အခွင့်အလမ်းများရှာဖွေရန် လိုအပ်၏။ မဟုတ်ပါက လမ်းဘေးတွင် ဆယ်ယွမ်တန် မီးပန်းလေးများ ရောင်းနေရလိမ့်မည်။ ၎င်းက ကိုယ့်အကျိုးစီးပွားကို မီးရှီု့ပြီး အမှိုက်သဖွယ် လွှင့်ပစ်လိုက်ခြင်းပင်။

စတော်ဘယ်ရီအင်တာတိန်းမန့်က သူ့အား လူငယ်အနုပညာရှင်များစွာ လိုချင်သော်လည်း မရနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပေးခဲ့သည်။ သူသည် ရုပ်ရှင်ဘုရင်မနှင့်အတူ သရုပ်ဆောင်ခွင့် ရပြီး တန်ဖိုးကြီးဘရန်းများ၏ ထောက်ခံချက်များ ရရှိခဲ့သည်။ သူ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမပြုသော အလုပ်များ မလုပ်ခဲ့ရချေ။

"မနက်​ဖြန်​မနက် သွားတော့မှာလား။" နွားနို့ခွက်ကိုင်ထားသော ရန်ထင်း၏လက်မှာ အနည်းငယ် တောင့်တင်းသွားသည်။

"ဟုတ်တယ်။" လီကျောင်းက ခေါင်းညိတ်လိုက်၏။ "ဒါပေမယ့် ဇာတ်ကွက်တော်တော်များများကို ပေကျင်းမှာပဲ ရိုက်မှာ။"

"ကောင်းပြီ။" ရန်ထင်းသည် လီကျောင်း၏ ပါးစပ်ကို ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။ "စောစောသွားပြီး အနားယူတော့လေ။ ငါတီဗွီကြည့်လိုက်ဦးမယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now