အပိုင်း ၅၀ : ငြိမ်ငြိမ်နေစမ်း

742 82 1
                                    

အပိုင်း ၅၀ : ငြိမ်ငြိမ်နေစမ်း

"အား… ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကလန်အစ်ကိုတို့က အပြင်ကို အတူထွက်ဆော့ကြတာပါ… အဝေးကနေ ဂူတစ်လုံးတွေ့လို့ ဝင်ကြည့်မိတာ။ အခုတော့ ပြန်ထွက်လို့ မရတော့ဘူးဗျ… ဘိုးဘိုးကြီးတို့က ကျွန်တော်တို့ကို အပြင်ကို ခေါ်သွားပေးပါလား ခင်ဗျာ?"

မြေအောက်နန်းတော်ကြီးရဲ့ မှောင်မည်းနေတဲ့ ဥမင်လှိုဏ်ခေါင်းထဲမှာ… ရှောင်ပုတန်လေးရဲ့ ချိုသာတဲ့ ကလေးအသံဟာ ကြွပ်ဆတ်စွာနဲ့ပဲ လွင့်ပျံလို့ လာခဲ့ပါတယ်။

သူတို့တတွေရဲ့ အနောက်ကနေ တိတ်တိတ်ကလေး လိုက်နေတဲ့ လင်းဖုန်းကလဲ သူ့ရဲ့ခေါင်းကို ခါယမ်းလိုက်ကာ ပြုံးလိုက်ပါပြီ။ ဒီကောင်လေးက ချစ်စရာကောင်းအောင် ဟန်ဆောင်ပြီး အကြောင်ရိုက်တဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်လို့နေခဲ့ပြီလေ… စကားအနည်းငယ် ပြောလိုက်ရုံနဲ့ပဲ ယုကလန် တစ်ခုလုံးကို ဆွဲထည့်လိုက်နိုင်ပါတယ်။

ဒီမှင်စာလေးဟာ လိမ္မာပါးနပ်ပြီး ချစ်ခင်နှစ်လိုဖွယ်ရာ ကောင်းလှပေမယ့်… သူတပါးကို ဘယ်အချိန်မှာ အနောက်ကနေပြီး ချောင်းရိုက်ရမလဲ ဆိုတာကို တွေးနေလောက်ပါပြီ။

အင်း… ငါကလဲ အနာဂတ်မှာ ဒီကောင်လေးရဲ့ အန္တရာယ်ကင်းပုံ ပေါက်နေတဲ့ အပြင်ပန်းပုံစံကို ကြည့်ပြီးတော့ အရူးအလုပ်မခံရအောင် သတိထားမှ ရမယ်… ဒီမှင်စာလေးက ပြဿနာရှာတဲ့ နေရာမှာတော့ ဘယ်သူမှ လိုက်လို့မမီဘူးဟ။

ရှောင်ပုတန်လေးရဲ့ မေးခွန်းကို ကြားလိုက်ရတော့… ဒီဝတ်စုံဝါနဲ့ အဘိုးကြီးကလဲ ပြုံးပြီးတော့ ပြန်ပြောလိုက်တယ်… "အေးကွ… ငါတို့ကလဲ ထျန်းကျင်းမြို့ကို ပြန်တော့မလို့ပဲ။ မင်းတို့နှစ်ယောက်ကို အတူခေါ်သွားပေးလို့ ရတာပေါ့။ မင်းတို့ရဲ့ မိသားစုတွေကတော့ စိတ်ပူနေကြတော့မှာပဲဟ…"

စကားဆုံးတာနဲ့ သူ့ရဲ့မျက်လုံးတွေဟာ ရှောင်ပုတန်လေးရဲ့ အပေါ်မှာ သေချာစွာနဲ့ စိုက်ကြည့်လို့ နေခဲ့ပါပြီ… ကျန်တဲ့လူငါးယောက်ကလဲ အတူတူပါပဲ။

ရှောင်ပုတန်လေးဟာ သူ့ရဲ့ မျက်ဝန်းနက်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း… ပျော်ရွှင်မြူးတူးစွာနဲ့ပဲ ဟစ်ကြွေးလိုက်ပြီလေ… "ဝါး… ကောင်းလိုက်တာ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Dove le storie prendono vita. Scoprilo ora