Chapter(51)

2.5K 188 11
                                        

EIUJNM:Chapter(51)ခဏခွဲနေရဦးမယ်...

"ဟုတ်ကဲ့...ကျွန်တော်တစ်ခါလက်ထပ်ဖူးပါတယ်"

တိတ်ဆိတ်နေတဲ့ထမင်းစားခန်းထဲမှာ အဒမ့်အသံတစ်ခုပဲထွက်လာတယ်။ဦးအောင်မြင်သိမ်းက မျက်ခုံးနှစ်ခုကိုစုကျုံ့ပြီးဘာမှမပြောဘဲထိုင်နေတာမို့ မနေနိုင်တဲ့ ဒေါ်အေးသိင်္ဂီမော်ကပဲဖြတ်မေးတယ်။
"အခုရော အိမ်ထောင်နဲ့ကဘယ်လိုလဲ"

"အခုကတော့လူလွတ်ပါ...ပထမအိမ်ထောင်ကလက်ထပ်ပြီး ၆လမှာပဲ ဆုံးသွားပါတယ်"

ဒေါ်အေးသိင်္ဂီမော်က'အို'ခနဲ အာမေဋိတ်သံပြုပြီး စိတ်မကောင်းချင်းကြီးစွာခေါင်းညိတ်မိတယ်။သူ့စိတ်ထဲမှာ အဒမ်လင်းညိုဆိုတဲ့ကောင်လေးအပေါ် သနားဂရုဏာစိတ်တွေလျှံဖိတ်လာတယ်။သူ့သားနဲ့ရွယ်တူကလေးတစ်ယောက်ဟာ ငယ်ငယ်လေးနဲ့မုဆိုးဖို ဖြစ်နေရရှာပါလားဆိုတဲ့ အတွေးက  သားရေကွင်းကိုရေနံဆီနဲ့စိမ်သလိုမျိုး သူ့နှလုံးသားကိုနူးအိလာစေတယ်။ဒါပေမဲ့လဲ သူ့စိတ်ထဲမှာ စိုးရိမ်စိတ်တစ်ခုကလဲဝင်လာနေတယ်။ဒီကောင်လေးအဒမ်လင်းညိုက ကျိန်စာသင့်နေတာတော့မဟုတ်ဘူးမလား??

ဒေါ်အေးသိင်္ဂီမော်က ခန္ဓာကိုယ်ကိုရှေ့ကိုင်းလို့ နောက်ထပ်မေးခွန်းတစ်ခုကိုမေးလိုက်တယ်။
"ပထမအိမ်ထောင်ကဘာလို့ဆုံးသွားတာလဲမေးလို့ရမလား"

သူ့မေးခွန်းအဆုံးမှာ သားဖြစ်သူဆီကတားတဲ့အကြည့်ရော ခင်ပွန်းဖြစ်သူဆီကစိတ်တိုတဲ့အကြည့်ရောလက်ခံရရှိလိုက်ပေမဲ့ ဒေါ်အေးသိင်္ဂီမော် လက်မလျော့ဘူး။အဒမ်လင်းညိုဆီကအဖြေကိုပဲစောင့်နေလိုက်တယ်။

အဒမ်ကခပ်ဖျော့ဖျော့ပြုံးရင်း..."ကင်ဆာနဲ့ဆုံးသွားတာပါ အန်တီ...သွေးကင်ဆာနဲ့ပါ"

"သြော်.."

ဒေါ်အေးသိင်္ဂီမော်ရဲ့ 'သြော်' သံရှည်ကြီးထဲမှာ ဂရုဏာသက်မှု စိတ်အေးသွားမှုတွေရောပြွမ်းပါဝင်နေတယ်။အက်စီးဒန့်တစ်ခုခုကြောင့်သာဆို တကယ်ကြီးကိုကံမကောင်းတဲ့ကောင်လေးလို့တွေးလိုက်မိတော့မှာ...ကင်ဆာဆိုတာကလဲ ကံကောင်းတဲ့အထဲမှာမပါပေမဲ့လို့ အက်စီးဒန့်လို​ြဗုန်းခနဲသေတာထက်စာရင် ကံကောင်းသေးတယ်လို့သူထင်တယ်လေ။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now