မနက်အစောဆုံးကားနဲ့ထွက်လာသောကြောင့်အိမ်ကိုရောက်ချိန် ၇နာရီခွဲခန့်သာရှိသေးပါ၏။ အိမ်ကြက်တစ်ကောင်နှင့်မီးဖိုထဲတွင်အလုပ်များနေသောညီမဖြစ်သူကကျွန်တော့်ကိုမြင်တော့
"ကိုကိုရောက်လာပြီလား၊ မမမိုးတို့ကဘယ်အချိန်လောက်ရောက်မှာတဲ့လဲဟင်"
"၁၁ နာရီလောက်တော့ရောက် မယ်ပြောတယ်၊ အေးဆေးချက် ပါငယ်လေး၊ အချိန်မီပါတယ်၊ ခဏနော်ကိုကိုပစ္စည်းတွေအခန်းထဲသွားထားလိုက်ဦးမယ်၊ ကိတ်မုန့်တွေတော့စားပွဲပေါ်တင် ထားခဲ့တယ်၊ သိမ်းလိုက်ဦး"
အခန်းထဲကျောပိုးအိတ်ကိုဝင်ထားနေစဉ် ဖွင့်ထားတဲ့ပြတင်းတံခါး ကနေတစ်ဆင့် ဖခင်ဖြစ်သူကို စိုက်ခင်းထဲတွင် လှမ်းမြင်လိုက် ရပါသည်။ ဖေဖေကတော့ထုံးစံ အတိုင်းခြံထဲရောက်နေခြင်းကြောင့်ငယ်လေးဆီမသွားသေးဘဲ ခြံထဲသို့သာအလျှင်ဆင်းလာခဲ့လိုက်သည်။ အိမ်နောက်ဘက်မြေ ကွက်ကျယ်ကျယ်တွင်စိုက်ပျိုးထားသော သီးပင်စားပင်ကြားရေ ဖျန်းနေတဲ့ဖေဖေသည်ကျွန်တော် လာတာကိုမြင်လိုက်မှ
"သား ရောက်လာပြီလား၊ စောသားပဲကွ"
"ဟုတ်ကဲ့ဖေဖေ၊ အစောဆုံးကား နဲ့ ထွက်လာလိုက်တာ၊ လမ်းမှာ လည်းအတက်အဆင်းနည်းတော့စောရောက်လာတာပေါ့။ ဖောက်သယ်တွေရောလာသွားပြီလား"
"ကြာပေါ့"
ဖေဖေ့လက်ထဲကရေပိုက်ကိုလက်လွှဲယူလိုက်ရင်းမှ
"မာလကာခြံရောအခြေအနေဘယ်လိုဖြစ်သွားပြီလဲ"
"အကိုင်းတွေခုတ်သင့်တာခုတ်ပြီး ဆေးကျွေးထားရတာပေါ့၊ ဒီနှစ်တော့သိပ်မျှော်လင့်လို့မရတော့ဘူးပြောရမှာပေါ့သားရယ်၊ ကံပေါ့"
ကျွန်တော်တို့မိသားစုပိုင်ကီလိုမာလကာခြံတွင် ဒီနှစ်ပျပိုးကျခြင်း ကြောင့် ဖေဖေတစ်ယောက် အတော်အလုပ်များသွားရပါသည်။ ကျွန်တော်ကလည်းကျောင်း တစ်ဖက်နှင့်ဖေဖေ့ကိုမကူညီနိုင်ခဲ့ပါ။ ဖေဖေကတော့အလုပ်သမား တွေနှင့်အတတ်နိုင်ဆုံးထိန်းသိမ်းပြုပြင်နေတာကိုတော့သိခဲ့ရပါ သည်။ အရင်နှစ်ကထွက်နှုန်း ကောင်းခဲ့လို့ဝမ်းသာမည်ရှိသေး၊ ဒီနှစ်ပိုးကကျပြန်၏။ ဘယ်အရာမှမတည်မြဲဘူးဆိုတာကိုလက်ကိုင်ထားတဲ့ဖခင်ကြီးကတော့ ကျွန်တော်တို့လောက်တောင် စိတ်မကောင်းဖြစ်ဟန်မတူ၊ အေးအေးသာသာသာရှိနေ၏။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤