Part 15 (Z)

3.4K 171 31
                                    

နေ့လယ်စာစားချိန်ဖြစ်သောကြောင့် စာသင်ခန်းထဲတွင်တစ်ယောက်ထဲသာကျန်ရှိနေ၏။ ယနေ့တွင်ရန်ပိုင်ကမိခင်ဖြစ်သူနေမကောင်းသောကြောင့်ဆေးခန်းလိုက်ပို့နေရသဖြင့်မနက်ပိုင်းအတန်းတွေကိုပျက်ကွက်ခဲ့၏။ မိုးကတော့မိန်းကလေးသူငယ်ချင်းတွေနှင့်ကန်တင်းတွင်နေ့လယ်စာသွားစား၏။

အတူလိုက်ခဲ့ရန်ခေါ်ကြပေမယ့်လည်း ခေါင်းထဲနောက်တောက်တောက်ဖြစ်နေသောကြောင့်ငြင်းဆန်ရင်းအတန်းထဲတွင်သာကျန်နေခဲ့လိုက်ရ၏။ ထည့်ယူလာသောထမင်းချိုင့်ကိုဖွင့်လို့တစ်ယောက်ထဲတိတ်ဆိတ်စွာစားသောက်နေရင်း ပြတင်းတံခါးကနေတွေ့နေရတဲ့မြင်ကွင်းကိုငေးကြည့်နေမိ၏။ နွေနေ့လည်ခင်းကတော့မျက်စိစူးလောက်အောင် ပူပြင်းတောက်ပနေ၏။

ကျောင်းဝန်းထဲကအပင်တွေရဲ့ရွက်ခြောက်ဝါဝါတွေကမြေပြင်တွင်သက်ဆင်းလို့လေအဝှေ့မှာဖုန်မှုန့်အချို့နှင့်အတူဝဲလွင့်နေတော့သည်။ ရိုးတံကျဲကျဲဗန်ဒါပင်အိုတို့တွင်ရွက်ဝါတို့က အကိုင်းအခက်တို့​ကြားတွင်ခပ်ကျဲကျဲသာကျန်နေရစ်၏။ ကျောင်းတစ်လပိတ်လို့ပြန်ဖွင့်ချိန်လောက်ဆိုရွက်နုကလေးတို့နှင့်စိမ်းစိုနေပါလိမ့်မည်။

အခုအချိန်တွင်မြင်တွေ့နေရတဲ့မြင်ကွင်းကတော့မထူးဆန်းပေမယ့် ငယ်ရွယ်စဉ်အချိန်တွင်တော့ ဗန်ဒါပင်ဆိုတာကိုယ်တွေရဲ့မရှိမဖြစ်ကစားဖက်အလားပါပဲ။ ဖခင်တာဝန်ကျရာမြို့တွေမှာပြောင်းရွှေ့နေထိုင်ရင်း ငယ်ဘဝကိုဖြတ်သန်းခဲ့ရတဲ့ကိုယ်တွေရဲ့ကလေးဘဝလေးဟာ ပျော်ရွှင်ခြင်းတို့အတိဖြစ်ခဲ့ရ၏။

အခုခေတ်ကလေးငယ်လေးတွေရောအဲ့ဒီလိုဘဝမျိုးလေးကိုပိုင်ဆိုင်ခွင့်မှရှိသေးရဲ့လား။ တိုးတက်ပြောင်းလဲလာခြင်းတွေမှာတချို့သောလွတ်လပ်ပျော်ရွှင်ခြင်းတွေဟာ တဖြည်းဖြည်းနှင့်ကွယ်ပျောက်လို့သွားခဲ့သလိုပါပဲ။

ကျွန်တော်တို့မိသားစုအဖေ့ရဲ့ဇာတိဖြစ်တဲ့မှော်ဘီနယ်မြို့လေးကိုမပြောင်းရွှေ့ခင်နောက်ဆုံးနေထိုင်ခဲ့တဲ့မြို့လေးက ပဲခူးတိုင်းတောင်ငူမြို့ကလေးမှာပါ။ စိုက်ပျိုးရေးဌာနကပေးထားတဲ့ဝန်ထမ်းတန်းလျားလေးမှာမိသားစုတွေပျော်ပျော်ရွှင်ရွှင်စုံစုံညီညီနေထိုင်ခဲ့ရတာလည်းနောက်ဆုံးအချိန်​တွေပါပဲ။ ဖြူးမြို့သူတစ်ယောက်ဖြစ်တဲ့မေမေကတော့ တောင်ငူမြို့လေးကိုပြောင်းရစဉ်အချိန်တုန်းက သူ့ဇာတိမြို့နှင့်သိပ်မဝေးတဲ့နေရာလေးဆို​ပြီးသိပ်ကိုပျော်နေခဲ့တာပါ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now