2010 (August)
အချိန်စက်ဝန်းတို့ကပုံမှန်လည်ပတ်နေရင်းလပေါင်းများစွာအလီလီပြောင်းလို့ကုန်ဆုံးခဲ့ပါသော်လည်း ကျွန်တော်တို့နှစ်ဦးကြားကချစ်ခြင်းမေတ္တာတွေကတော့သစ်လွင်လတ်ဆတ်နေစဲဖြစ်နေခဲ့၏။
သမာရိုးကျအိမ်ထောင်ဖက်တွေလိုလူသိရှင်ကြားဖော်ပြခွင့်မရခဲ့ပေမယ့် ချည်နှောင်ထားပါသောသံယောဇဉ်လွန်းကြိုးကလေးတွေဟာခိုင်မြဲလွန်းနေပြန်တော့မယိုင်မလဲနှင့်တင်းတင်းရစ်နှောင်လို့ထားကြ၏။
မိသားစုနှစ်စုတွင်တော့အင်မတန်ချစ်ကြသည့် မတဲ့အတူနေညီအစ်ကိုနှစ်ဦးအဖြစ်တည်ရှိနေခဲ့ခြင်းမှာလည်းနေသားကျနေခဲ့ကြ၏။ အခုဆိုလျှင်စစ်ကအလုပ်သင်ဆရာဝန်ကလေးအဖြစ်လုပ်ငန်းခွင်တောင်ဝင်နေရပါပြီ။ ကျွန်တော်ကတော့နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်အဖြစ်နှင့်စီးပွားရေးကိုလည်းဦးဆောင်လုပ်နေခဲ့ရတော့ တွေ့ချိန်တွေဟာလည်းပို၍ပို၍ရှားပါးလာပါတော့သည်။
အခုအချိန်မှာတော့အလုပ်သင်ဆရာဝန်ကလေးအတွက်မနက်အစောထလို့ထမင်းချိုင့်လေးပြင်ပေးရတဲ့အလုပ်ကလေးကလည်းပိုလာပါတော့သည်။ မနက်ပိုင်းနှင့်ညပိုင်းလောက်သာတွေ့ချိန်ရှိခဲ့ကြသလို စစ် Night Duty ကျသောရက်တို့တွင်တော့တွေ့ချိန်ကမရှိသလောက်ဖြစ်ခဲ့ရပြန်၏။
ဘယ်လိုအခြေအနေပဲရောက်ရောက်ချစ်ခြင်းတရားတို့ကတော့မပြောင်းလဲခဲ့ပါဘူး။ စစ်ပြောဖူးခဲ့သလိုပေါ့၊ ငါတို့တွေရဲ့အချစ်ကကျွန်းပင်လိုပါပဲတဲ့၊ သက်တမ်းရင့်လာလေပိုပြီးမာကြောလာလေဖြစ်သလို တန်ဖိုးကလည်းပိုပိုမြင့်သွားတတ်တာမျိုးပါတဲ့လေ။
************************
"ညီ နိုးလာပြီလား"
"အင်း"
မျက်လုံးကိုပြန်မှိတ်ထားပြီးလက်နှစ်ဖက်ကိုဆန့်ပေးလိုက်မိတော့ရင်ခွင်ထဲတိုးဝင်လာသည့်ကိုယ်သင်းရနံ့ကလေးကရေချိုးဆပ်ပြာအနံ့ကလေးရောယှက်ပြီးလတ်ဆတ်လွန်း၏။ ဆံပင်တွေအပေါ်ဖိကပ်နမ်းရှိုက်လိုက်ရင်းအားရပါးရညှစ်လိုက်မိတော့ကျိတ်လို့ရယ်မော၏။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤