Part 53 (U)

8K 768 628
                                    

22.4.2008

၃ ရက်ပဲနေမယ်ဆိုခဲ့ပေမဲ့ တစ်ရက်လောက်ထပ်နေပါဦး သားတို့နဲ့အတူအလှူလေးတစ်ခုပြုချင်ပါတယ်ပြောလာသောအမိုးကြောင့် ရွာဘုန်းကြီးကျောင်းတွင်အာရုံဆွမ်းကပ်လှူပြီး တစ်ရွာလုံးကိုလည်းနေ့လယ်စာကျွေးမွေးကာကုသိုလ်အတူတူပြုခဲ့ကြရပြန်သည်။

ရွာတွင်ရှိသောအသက် ၈၀ ကျော်အဖိုးအဖွားများကို သီးသန့်ဖိတ်ပြီးကန်တော့ခဲ့ကြရသေး၏။ ကိုအောင်သောင်းနှင့်အလှူအတွက်ဈေးသွားဝယ်စဉ်က အမိုးဝယ်လာပေးသည့်ပုဆိုးတိုက်ပုံဆင်တူနှင့်ကျွန်တော်တို့နှစ်ယောက်။ ချိတ်လုံချည်နှင့်ဇာရင်ဖုံးကိုဝတ်ပြီးပုဝါစုံချထား​သောအမိုးနောက်တွင် တတန်းတန်းပါနေပုံကသားအမိတွေလိုဖြစ်နေတော့ အလှူကိုလာ​ကြသောလူတွေမှာအကြည့်တွေမလွှဲနိုင်ကြတော့ပေ။

လက်သန်းလောက်ရှိသောရွှေဆွဲကြီး၊ လက်ကောက်တွေတချွင်ချွင်နှင့်အမိုးမှာအသက်အရွယ်အရမှုန်လာသောမျက်လုံးကြောင့်ရွှေရောင်မျက်မှန်တဝင်းဝင်းနှင့်ခန့်ချောနေ၏။ သနပ်ခါးအဖွေးသားနှင့် ပန်းနုရောင်နှုတ်ခမ်းနီလေးတောင်ဆိုးထားလိုက်သေးသောအမိုးကိုကြည့်ပြီး ကျွန်တော်တို့နှစ်ဦးသားစနောက်လို့မဆုံးနိုင်တော့ပါ။

ဘုန်းကြီးများကိုဆွမ်းကပ်တော့လည်းအတူတူ၊ သင်္ကန်းကပ်တော့လည်းမခွဲတမ်းဖြစ်နေပုံက မသိရင်မင်္ဂလာဦးဆွမ်းကျွေးနဲ့တူနေမလားတွေးမိတော့ နှုတ်ခမ်းတွေကစေ့ပိတ်လို့မရနိုင်တော့ချေ။

လူတွေရှိနေခြင်းကြောင့် စစ်ကိုပဲကြည့်နေချင်မိသောမျက်ဝန်းတွေကိုလည်း ထိန်းသိမ်းထားနေရတဲ့အဖြစ်။ အမှတ်တရဓာတ်ပုံတွေမှာရိုက်လို့ကိုမဆုံးနိုင်တော့။

စစ်ရဲ့လျှပ်တပြက်လှုပ်ရှားပုံလေးတွေကိုလိုက်ခိုးရိုက်ပြီးပြန်ကြည့်ကာကျေနပ်နေမိသည်။ အမိုးကိုလည်းအလှပုံတွေရိုက်ပေးပြီး ပုံကြီးကူးကာဧည့်ခန်းနံရံတွင်ချိတ်ပေးထားရန်ရည်ရွယ်ထား၏။

တစ်မနက်ခင်းလုံးပျော်မြူးလို့ကောင်းခဲ့တဲ့အခြေအနေမှာ အိမ်ကိုပြန်ရောက်လာချိန်မှမျက်လုံးပြူးရလေတော့သည်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now