Part 18 (Z)

2.8K 157 15
                                    

"ထားလေးပါလား၊ ဘာတွေလာပို့ပြန်တာလဲ"

"ဒီနေ့ မေမေ့သူငယ်ချင်းမိသားစုကိုအိမ်လည်ဖိတ်ထားလို့နန်းကြီးသုပ်လုပ်တာအမိုးရေ"

လက်ထဲကငါးဆင့်ချိုင့်ကိုလက်လွှဲပေးလိုက်ရင်းအမိုးသွားရာနောက်လိုက်လို့အိမ်အခြေအနေကိုလည်းအကဲခတ်ရပြန်သေး၏။ မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် မင်းသွင်တို့အိမ်ကတိတ်ဆိတ်လို့နေ၏။ အမိုးနှင့်အကူမိန်းကလေးနှစ်ယောက်ကလွဲလို့အိမ်သားတို့ကိုမတွေ့ရပါ။ မင်းသွင်တစ်ယောက်နိုးများမနိုးသေးလို့လားအတွေးနှင့်မေးလိုက်မိ၏။

"အမိုးရဲ့ဖိုးခွားရော"

"ရှိပါ့၊ ကားဂိုထောင်ပြန်ပြင်ဖို့ဆိုပြီး အလုပ်သမားတွေရောက်လာလို့အိမ်ဘေးမှာသွားကြည့်နေတယ်။ ထားတို့လည်းစာမေးပွဲပြီးပြီလား"

"ဟုတ်ကဲ့ ပြီးပါပြီအမိုး"

အမိုးကချိုင့်ကိုသေချာဆေးကြောပြီး အဝတ်သန့်သန့်နှင့်သုတ်ပြီးမှ တစ်ဆင့်ကိုကိုင်လို့မီးဖိုထဲဝင်သွားသောကြောင့် ဟင်းတစ်မျိုးမျိုးပြန်ထည့်ပေး​တော့မည်ဆိုတာသိလိုက်ရ၏။

"ဘာချက်လဲအမိုး"

"ဖိုးခွားပေါ့၊ ဒီအချိန်ကြီးမှတာဟဲပိုးစားချင်တယ်ဆိုလို့ ရှိတာလေးနဲ့ချက်ထားရတယ်လေ၊ အမှန်တော့တာဟဲပိုးကဖရုံရွက်နဲ့မှပိုစားလို့ကောင်းတာမျိုး၊ အခုတော့ဘူးညွန့်ရယ် ပဲသီးနဲ့ပဲချက်လိုက်ရတယ်။ ဆိတ်သားခြောက်လေးလည်းမွှ​ပြီးထည့်တာတယ်။ အိနေတာပဲ ချိုချိုစပ်စပ်လေး"

"အား ဒီနေ့တော့ထမင်းစားကောင်းပြီပေါ့အမိုးရာ၊ ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာလိုသလား။ အမိုးချက်တာကိုကြိုက်တယ်ဆိုတာနဲ့တင်အမိုးကပျော်နေရတာပါ"

"ထား မင်းသွင်နောက်ကိုလိုက်သွားလိုက်ဦးမယ်နော် အမိုး"

"အေး သွားသွား၊ ချိုင့်ကိုအိမ်ရှေ့ကစားပွဲပေါ်တင်ထားမယ်နော်။ သူငယ်ချင်းနဲ့လေတွေပေါပြီးချိုင့်လည်းမေ့မသွားနဲ့ဦး"

မုန့်လာပို့တိုင်းချိုင့်ပြန်ယူသွားရန်မေ့တတ်လွန်းတဲ့ထားအကြောင်းအမိုးကနောကြေနေတော့သတိလှမ်းပေးပါ၏။ အိမ်ရှေ့ထွက်လာစဉ် အခန်းထဲကထွက်လာတဲ့ဒေါ်ချယ်ရီခင်နှင့်မျက်နှာချင်းဆိုင်တိုးမိ​တော့ရပ်လို့စကားပြောရပြန်၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now