4.2.2008
ဒယ်ဒီနေတဲ့ကွန်ဒိုအထိလိုက်ပို့ပေးပြီးလိုအပ်တာတွေကိုလည်းပြင်ဆင်ပေးခဲ့ရပြန်၏။ မီးဖွားခါနီးကိုယ်ဝန်ဆောင်နှင့်ခြေထောက်ကျောက်ပတ်တီးစီးထားသည့်လူနာအတွက်ဒယ်ဒီတို့အခန်းထဲမှာပင် ကုတင်တစ်လုံးကိုအဆင်ပြေအောင်စီစဉ်ပေးခဲ့ရပါ၏။ အားလုံးကပြင်ဆင်ပြီးချိန်ဘေစင်တွက်လက်ဆေးနေစဉ်အနားကိုကပ်လာသောဒယ်ဒီ့အမျိုးသမီးကမဝံ့မရဲပြောလာပါ၏။
"သားညီ ထမင်းစားသွားပါလားဟင်၊ အန်တီသားတို့ပြန်လာမယ်ဆိုလို့ထမင်းတွေပိုချက်ထားတယ်"
ငြင်းလိုက်မည်ဟန်ပြင်ပြီးကာမှ ကိုယ်ဝန်ဆောင်သည်တွေကိုစိတ်ချမ်းသာအောင်ထားမှကိုယ်လည်းစိတ်ချမ်းသာရတယ်လို့ပြောခဲ့တဲ့အသံလေးကိုအမှတ်ရမိတော့ ခေါင်းကိုညိမ့်ပြလိုက်မိ၏။ ပြုံးရွှင်သွားတဲ့မျက်နှာကလေးနှင့်မီးဖိုထဲဝင်သွားသူကြောင့် ဒယ်ဒီ့အခန်းထဲဝင်လိုက်ရင်းမေးလိုက်မိ၏။
"ဒယ်ဒီတစ်ခုခုစားချင်သေးလား၊ သားဘာဝယ်ပေးခဲ့ရဦးမလဲ"
"ခုနကပဲကြေးအိုးသောက်ထားတော့သိပ်မစားချင်သေးပါဘူးသားရာ"
"အနာကိုက်လာရင်သောက်ရမယ့်ဆေးကဒီခြင်းလေးထဲကဗူးအပြာလေးနော်။ နေ့တိုင်းသောက်ရမယ့်ဆေးတွေကိုလည်းသားသေချာမှတ်ပေးထားခဲ့တယ်၊ အချိန်မှန်မှန်သောက်ဖို့လည်းမမေ့နဲ့ဦးနော်"
"အေးပါကွာ...မင်းရောတိုက်ခန်းပြန်မှာမဟုတ်လား။ မင်းအခန်းကမနေတာကြာပြီဆိုတော့ဒီမှာညအိပ်ပြီးမနက်ကျမှပြန်လေကွာ၊ အခန်းတစ်ခန်းလွတ်တာရှိပါတယ်ကွ"
"ရတယ် ကျွန်တော့်သူငယ်ချင်းကိုကြိုပြောထားလို့အလုပ်သမားဌားပြီးဒီနေ့မနက်ပဲလာရှင်းပေးပြီးသွားပါပြီ၊ ထမင်းစားပြီးရင်ပြန်လိုက်တော့မယ်"
"ဟေ...ဪ...အေးအေး၊ ထမင်းစားသွားမယ်ပေါ့ ကောင်းတယ်ကောင်းတယ်။ မင်းအန်တီတော့ဝမ်းသာနေမှာပဲ"
"ဒယ်ဒီကိုမေးမလို့"
"ဘာမေးမလို့လဲမေးလေ၊ နေဦးဒယ်ဒီ့ကိုခဏလောက်ထူပေးပါဦး။ ရောက်ကတည်းကပက်လက်နေနေရတာကျေတွောပူလာပြီဟ"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤