Part 38 (Z)

2.4K 176 46
                                    

အိမ်အပေါ်ထပ်တွင်ဝယ်လာ​သောပစ္စည်းပစ္စယတို့ကိုစိတ်တိုင်းကျရွှေ့ပြောင်းလို့ ရန်ကုန်ကအမိုးအခန်းနှင့်နီးနီစပ်စပ်တူအောင်ထားရှိပြီးသည့်နောက် အောက်ထပ်ပြန်ဆင်းလာစဉ်အမိုးကိုမတွေ့သောကြောင့် အော်ခေါ်လိုက်မိ၏။

"အမိုး"

"ဝေ့ ဖိုးခွား"

ဆိုင်ခန်းထဲတွင်ပွဲရုံပစ္စည်းများကိုစနစ်တကျဖြစ်အောင်ကိုအောင်သောင်းသားနှင့်သမီးတို့ကိုဦးဆောင်လို့ နေရာချစီမံခန့်ခွဲရေးလုပ်နေပါသောအမိုးက အားရပါးရပြန်ကာထူး၏။

ရွာရောက်လာပြီးသိပ်မကြာပါ ဆွေဟောင်းမျိုးဟောင်းတို့နှင့်ပြန်လည်တွေ့ဆုံပြီးသည့်နောက် အမိုးပုံစံကပြန်လည်လန်းဆန်းလို့လာပါတော့၏။ ဘယ်နှစ်ဝမ်းကွဲတော်စပ်သလဲမသိသည့် ၁၆ နှစ်အရွယ်မြေးမတစ်ယောက်က အတူတူလာနေဖို့ဖြစ်လာ၏။ အမိုးအခန်းထဲမှာပင် ကုတင်အသေးတစ်လုံးထပ်ထည့်လို့နေရာချပေးပြီးသည့်နောက် အမိုးအတွက်နောက်ကြောင်းတို့ကအတန်အသင့်အေးသွားရပါတော့သည်။

"သားပြောစရာရှိလို့"

ပြောပြီးခြံထောင့်တွင်ရှိသောသပြေပင်အောက်ကကွတ်ပစ်ပေါ်တွင် ထိုင်စောင့်နေလိုက်၏။ သူတို့ဒေသအခေါ်ငါးနှပ်ခြောက် ကျွန်တော်တို့အခေါ်အာဗြဲခြောက်ကိုမီးကင်ပြီးပဲဆီရွှဲရွှဲဆမ်းထားသောပန်းကန်တစ်ချပ်နှင့်ရေနွေးကြမ်းအိုးကိုမလို့ ကိုအောင်သောင်းသမီးကအရင်ရောက်လာ၏။

အနောက်ကအိပဲအိပဲ့တစ်လိမ့်လိမ့်လိုက်လာတဲ့အမိုးက အုတ်နီခဲလေးတွေစီတန်းလို့လမ်းခင်းနေသောအလုပ်သမားတစ်ယောက်ကိုခဏစကားရပ်ပြောပြီးမှ ကျွန်တော့်ဘေးတွင်ဝင်ထိုင်၏။

"ဟိုအလုပ်သမားကိုဘာ​တွေပြောနေတာလဲ"

"အိမ်အနောက်ကကင်ပွန်းချဉ်ပင်နဲ့ဆူးပုတ်ပင်တွေကိုကတုံးတုံးပေးဖို့ပြောနေတာပါ"

"ဘာလို့သူတို့ဘာသာနေတဲ့အပင်ကို ကတုံးတုံးခိုင်းနေရတာလဲအမိုးရ"

"မသိရင်လည်းဝင်မပြောနဲ့ကိုလျှာရှည်လေးရဲ့"

"မသိလို့ပြောတယ်ဆိုတာကိုသိရင်အမိုးကသိအောင်ပြောပြလေဗျာ"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now