Part 60 (U)

6.2K 583 277
                                    

2010 (October)

သားအဖနှစ်ဦးမျက်နှာချင်းဆိုင်ထိုင်ကာ စားပွဲပေါ်ကဓာတ်ပုံတွေကိုငေးကြည့်နေမိသည်။ စိတ်ပျက်လက်ပျက်နှင့်ဘာလုပ်ရမှန်းမသိတော့သည့်ဦးကျော်ကျော်မင်း။ မျက်စိပျက်မျက်နှာပျက်နှင့်တောက်တစ်ခတ်ခတ်ရှိနေတဲ့နိုင်မင်းလွင်က ဓာတ်ပုံတွေကိုကောက်ကြည့်လိုက်ပြန်ပစ်ချလိုက်နှင့်။

"တွေ့ပြီမဟုတ်လား၊ ကျွန်တော်မပြောဘူးလား။ ဘယ်လိုလုပ်ကြမလဲ။ ပုံစံတွေကြည့်ရသလောက် ညားကိုညားနေတာသေချာတာပေါ့ဗျာ"

"မင်းတိတ်တိတ်နေစမ်းပါကွာ၊ ဒီမှာငါစဉ်းစားနေပါတယ်"

ဦးကျော်ကျော်မင်းမှာနားထင်ကိုဖိနှိပ်ရင်း ဆိုဖာပေါ်တွင်မသက်မသာရှိနေ၏။ ဆေးရုံကဆင်းပြီးအိမ်တွင်အနားယူပြီး ဒီနေ့မှရုံးကိုလာခဲ့ခြင်း။

"ဘာစဉ်းစားစရာရှိလဲ၊ လာ...ခုပဲသွားရှင်းလိုက်ကြမယ်​​။​
ခုချိန်ဆိုတိုက်ခန်းမှာနှစ်ယောက်လုံးရှိနိုင်တယ်"

"မင်းအသာနေစမ်းပါနိုင်မင်းလွင်ရာ၊ ပြောမဲ့ပြောငါပဲပြောလိုက်ပါ့မယ်။ ဒီကောင်ကမင်းပြောလို့ရမဲ့ကောင်မျိုးလည်းမဟုတ်ပါဘူး"

စုံစမ်းခိုင်းထားသောလူဆီက တစ်လအကြာတွင်ရရှိလာတဲ့သက်သေသာဓကတွေကခိုင်ခိုင်မာမာ။

"ဒယ်ဒီပြောရင်ရောရမယ်ထင်နေလို့လား ဟင်၊ ဘယ်လောက်အကြောတင်းတဲ့ကောင်လဲဆိုတာဒယ်ဒီမသိလို့လား"

"အေး...ငါသိတယ်၊ ဒါ့ကြောင့်စဉ်းစားနေတာပေါ့ကွာ။ သူ့ကိုပြောလို့မရရင် ကိုလတ်သားကိုပဲချော့ပြောရတော့မှာပေါ့၊ သားစစ်ကမင်းညီထက်စာရင် ပြောလို့ဆိုလို့ရမဲ့သဘောရှိတယ်"

ပြဿနာကိုသိလိုက်ကတည်းက ဖြစ်နိုင်ခြေရှိသည်များကိုတွေးနေရင်းသားစစ်ကိုပဲနားချမှဖြစ်မယ်ဆိုတာကို သဘောပေါက်မိသည်။

"သူ့ပြောလို့ရရင်တောင်မှ ဒယ်ဒီ့သားကနောက်ဆုတ်​ပေးပါ့မလား မြင်တယ်နော်၊ ဖြစ်ပျက်နေတာများသူကပိုဆိုးနေတာ။ သည်းကဲနေလိုက်တာများဗျာ။ ကျွန်တော်ပြောသားပဲ၊ ဟိုတစ်ခါတိုက်ခန်းလိုက်သွားတုန်းက ကျွန်တော်လာတာကိုမကြည်မသာနဲ့ပါဆိုမှ၊ ကျောင်းသွားတော့မှာဆိုပြီးထွက်လာတာလည်းမတွေ့ဘူး။ အပေါ်ထပ်ကိုနောက်တစ်ခေါက်တက်ပြီးသွားကြည့်တော့ အခန်းတံခါးကိုအပြင်ကနေသော့ခတ်ထားတယ်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now