Part 36 (Z)

2.2K 163 50
                                    

ညကပြန်လာစဉ်အရိပ်​အယောင်တောင်မမြင်​တွေ့ခဲ့ရ​သောမေမေက မနက်စာစားချိန်တွင်တော့မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လို့မျက်နှာထားတင်းတင်းနှင့်စိုက်ကြည့်နေ​​ပါ၏။ ခန့်က​တော့မသိဟန်ဆောင်လျှက်အုန်းနို့ခေါက်ဆွဲကိုသာငုံ့စားနေလိုက်၏။

အစားစားချိန်တွင်စကားမဆိုတတ်တဲ့မေမေ့အကျင့်ကိုသိနေတော့ခပ်သွက်သွက်စားပြီးအပေါ်ထပ်အမြန်လစ်ရန်ဟန်ပြင်တဲ့ခြေလှမ်းတို့ဟာ အနောက်ကနေခပ်တင်းတင်းခေါ်လိုက်တဲ့မေမေ့အသံကြောင့် ရင်တထိတ်ထိတ်နှင့်လန့်သွားရ၏။

"ကိုခန့်သူရနိုင်"

လှည့်လို့ကြည့်လိုက်မိတော့ ဧည့်ခန်းထဲထိုင်လို့သတင်းစာဖတ်နေသည့်ဖေဖေထိုင်နေရာဆိုဖာဆီလျှောက်သွားနေတာမြင်ချိန် သက်ပြင်းကိုချလို့အနောက်က​နေလိုက်ခဲ့ရပါတော့သည်။

"ညကဘယ်အချိန်မှအိမ်ပြန်ရောက်သလဲ"

သိလျှက်သားနှင့်မေးသည့်မေးခွန်းကအချိန်ကိုသိချင်တယ်ဆိုတာထက် မင်းဘယ်အချိန်ပြန်လာတာကိုမင်းသိတယ်နော်ဆိုသည့်သတိပေးလိုခြင်းသာဖြစ်ပါလိမ့်မည်။

"၉ နာရီခွဲ"

"ဒါအမျိုးကောင်းသားတွေအပြင်မှာရှိသင့်တဲ့အချိန်လား"

မေမေ့စကားကြားတော့ဖေဖေကသတင်းစာကိုလက်ကချပြီးစာကြည့်မျက်မှန်ကိုချွတ်လို့ရှပ်အင်္ကျီတွင်ချိတ်လိုက်၏။ ထိုစကားကို​တော့ဖေဖေမကြိုက်သည့်ပုံဖြစ်သွားပေမယ့် မကြိုက်ဘူးရယ်လို့လည်းဝင်ပြောမလာပါ။

မိန်းမကိုတုန်နေအောင်ချစ်ခြင်းနှင့်ထိုချစ်ခြင်းတို့ကြောင့်ကြောက်သည်ဘက်လုံးလုံးပါသွားသည့်ဖေဖေက မေမေ့စကားတွေကိုလွန်ဆန်ခဲ့သည်မျိုးလည်းမရှိခဲ့ပါ။ ဒါတွေကြောင့်လည်းဒေါ်ဧကရီနှင်း၏ဩဇာအာဏာကဒီအိမ်တွင်လုံးလုံးတည်နေရသည့်အခြေအနေဖြစ်ခဲ့ရခြင်းပါပဲ။

"ဒီခေတ်ကြီးထဲမှာ ည ၉ နာရီ ၁၀ နာရီအချိန်လောက်ကအဲ့လောက်အထိသဘောသက်ရောက်နိုင်လို့လားမေမေ၊ သားသူငယ်ချင်းတွေနဲ့တစ်ခါတစ်လေသွားတွေ့တာမျိုးပါ၊ သူများတွေလို Club သွားတာလည်းမဟုတ်ပါဘူး"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now