Part 9 (Z)

2.9K 195 10
                                    

အိမ်ရှေ့ပေါ်တီကိုအောက်တွင်ရပ်ထားသော Mark 2 အနက်ရောင်တစ်စီးကိုတွေ့လိုက်သည်နှင့်ကိုကိုရောက်​နေမှန်းသိလိုက်ရသည်။ အိမ်ပေါ်ထပ်အခန်းရှိရာတက်လာမိစဉ် မာမီ့အခန်းတွင်းကခပ်ကျိတ်ကျိတ်စကားသံတို့ကိုကြားလိုက်မိပေမယ့် သဲသဲကွဲကွဲတော့မရှိလိုက်ပါ။ ထုံးစံအတိုင်းသားအမိနှစ်ယောက်ဘာတွေကျိတ်ဖြေရှင်းနေလည်းမသိပြန်ပါ။ အိမ်ထောင်ကျသည့်တိုင်လောင်းကစားကိုဝါသနာထုံဆဲဖြစ်သောကိုကိုသည် အိမ်ကို​ပြန်လာတိုင်း​ပြန်လာတိုင်းအပူမီးတစ်စကိုတော့ယူဆောင်လာတတ်စမြဲ။ စီးပွားရေးကိုမရီးကသာဦးဆောင်လုပ်ကိုင်နေရပြီး ကိုကိုကတော့ရံဖန်ရံခါတွင်သာကူပေးရုံသာပေး၏။ သိပ်မကြာခင်အချိန်ကလေးအဖေ​တောင်ဖြစ်ပါတော့မည်။

မရီးကတော့သားသမီးလည်းရလာပြီဖြစ်၍ ဆိုင်တွင်ဖိဖိဆီးဆီးလုပ်ကိုင်ရင်းခြေငြိမ်စေချင်ပါ​သော်လည်း အပေါင်းအသင်းလည်းမက်၊ လောင်းကစားလည်းဖက်လှသောကိုကိုကဆိုင်တွင်ဖင်မြဲအောင်မထိုင်နိုင်ခဲ့ပါ။

လောင်းကစားသမားများဟာနှဲသမားပါးများလို ပိန်လိုက်ဖောင်းလိုက်ဆိုတာလည်းအမှန်သား။
ရလာလိုက်၊ ပြန်ပါသွားလိုက်နှင့်​မိဘတွေ"မ"တည်ပေးခဲ့သောငွေအရင်းအနှီးတို့ဟာ လောင်းကစားသံသရာတွင်းလည်နေတတ်လွန်းသောကြောင့် မရီးကစီးပွားရေးကိုဦးဆောင်လုပ်ကိုင်လိုက်ချိန် အရင်လိုစိတ်ထင်တိုင်းသုံးခွင့်၊ ဖြုန်းခွင့်ကနည်းပါးသွားရပါတော့သည်။

တစ်ကိုယ်ရေသုံးစွဲရန်သာထုတ်ပေးပြီးဖြုန်းရန်အတွက်တော့မထုတ်ပေးနိုင်ပါဆိုလိုက်ကတည်းက ကိုကို့ဒဏ်ကိုမာမီကဆက်ပြီးခံနေရ​တော့တာပါပဲ။ အခုလည်းဘာအကြွေး​တွေတင်နေ​ပြန်သည်​တော့မသိ။ သားအမိ​တွေအခန်းထဲတွင်တိုးတိုးတိတ်တိတ်နှင့်ဆေးနွေးနေကြပြန်ပါ၏။ ယခုအချိန်တွင်သာမသိရ​သေးတာပါ။ သားအမိနှစ်ယောက်မတည့်တော့ဘူးဆိုလျှင် မမေးရပါဘဲအလိုလိုပေါ်လာပါလိမ့်မည်။ ဟိုတ​လောကလည်းလက်ရှိစီး​​နေ​သောကားကို ဖဲဝိုင်းတွင်ပေါင်ရိုက်ခဲ့လို့ မာမီလိုက်ရွေးခဲ့ရပြီးပါပြီ။

ရေမိုးချိုးကာ​အောက်ထပ်ပြန်ဆင်းလာချိန် ဧည့်ခန်းတွင်မသာမယာမျက်နှာ​​ပေး​ဖြင့်ထိုင်​နေသည့်ကိုကို့ကိုတွေ့လိုက်ရ၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now