Part 13 (U)

7.7K 908 90
                                    

မာလကာခြံထဲတွင်တစ်မနက်လုံးအချိန်ကုန်နေခဲ့ပြီးအိမ်ပြန်လာချိန် ညီမလေးက မီးဖိုချောင်ထဲမှခေါင်း​လေးပြူထွက်လာပြီးစကားနာထိုး၏။

"ကိုကိုတို့များထွက်သွားလိုက်တာ၊ အိမ်မှာညီမလေးတစ်ယောက်ထဲကျန်နေခဲ့တာကိုသတိတောင်မရ​တော့ဘူး။ ခဏလိုက်သွားမယ်ဆိုပြီးပေါ်မလာတော့ဘူး"

ဖေဖေက မောင်နှမနှစ်ဦးကိုတစ်ချက်ကြည့်ပြီးအခန်းထဲဝင်သွား၏။ အိမ်မှာနေခဲ့ဖို့ပြောပေမဲ့ ရောက်တုန်းရောက်ခိုက်ဖေဖေနှင့်လိုက်ကူခဲ့​ခြင်းပါ။ နွေရာသီတွင်ရေရှားပါးလာပြီဖြစ်သောကြောင့် အပင်များရေလုံလုံလောက်လောက်ရရှိရန်အတွက် အဝီစိတွင်းအသစ်ထပ်တူးခြင်းနှင့် တွင်းဟောင်းများကိုပြန်လည်ပြုပြင်ရန်လိုအပ်နေခြင်းကြောင့် ခြံထဲတွင်အလုပ်များနေကြသည်။

တစ်ဧကနီးပါးကျယ်ဝန်း​သောခြံအတွက် ရေပိုက်လိုင်းများကိုထပ်တိုးပြင်ဆင်ရပြန်တော့ တစ်နေကုန်နီးပါးဖြစ်သွားခဲ့သည်။ နေ့လယ်စာကိုခြံထဲထိလိုက်ပို့ပေးခဲ့ရခြင်းကြောင့် ညီမလေးမျက်နှာကအလိုမကျချင်​။ ပြန်လာသောရက်လေးတွင် နားနားနေနေရှိစေချင်ရှာသောညီမလေးက စိတ်မဆိုးသည့်တိုင်စကားနာလေးထိုးလိုက်ရမှနေသာတတ်၏။

"ဒီတစ်ရက်ထဲပါငယ်လေးရာ၊ ခြံထဲမှာအလုပ်တွေပေါ်လာတော့သွားကူရတာပေါ့။ ကဲ​ပြော ဘာတွေပူစာချင်လို့လဲ၊ တစ်ညလုံးလည်းရှိနေမှာပဲကိုကွာ"

"ပူစာဖို့ပြောနေတာမဟုတ်ဘူး။ အိမ်မှာတစ်ယောက်ထဲနေခဲ့ရတော့ပျင်းတာပေါ့လို့။ အလုပ်သမားတွေကိုခိုင်းစရာရှိတာတွေ​ခိုင်း​ထားခဲ့လို့လည်းဖြစ်တာကို။ တစ်ရက်လေး​အိမ်ပြန်လာပြီး တ​နေကုန်​ခြံထဲသွား​နေ​တော့ကိုကိုပင်ပန်းတာပေါ့။ ဖေဖေ့ကိုလည်း ဒီတစ်ရက်လေးနားလိုက်ပါလားဆိုတာကိုနားမထောင်ကြဘူး။ နေကြီးကလည်းပူလိုက်တာတအားပဲ။ ရော့ သံပုရာရည်ဖျော်ထားတယ် သောက်လိုက်ဦး။ ခဏနေမှရေချိုးနော်၊ ဖေဖေရေ သံပုရာရည်လာသောက်ပါဦး"

သံပုရာခွက်ကိုလက်ထဲထည့်ပေးပြီးဖေဖေ့အခန်းထဲလိုက်ဝင်သွားတော့မှ ဧည့်ခန်းထဲကဆက်တီခုံတွင်ထိုင်ပြီးချွေးတိတ်ရန်ခဏနားလိုက်ရသည်။ မတ်လအပူချိန်က ညနေ ၅ နာရီထိမကျဆင်းချင်သေး။ ကျွန်တော်တို့အိမ်လေးမှာပတ်ပတ်လည်တွင်အပင်ကြီးတွေရှိခြင်းကြောင့် တခြားအိမ်တွေလောက်အပူဒဏ်ကိုမခံစားရဘဲ လေတဖြူးဖြူးနှင့်အေးအေးချမ်းချမ်းရှိနေတတ်၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now