စိတ်ကိုထိန်းချုပ်မထားနိုင်တော့ဘဲလှစ်ခနဲပြောထွက်သွားမိပြီးမှ သေလောက်အောင်ရှက်သွားမိသည်။ ကိုယ်လည်းခံစားမိတာပေါ့၊ ဘယ်လောက်ပဲမဖြစ်နိုင်ဘူးလို့တွေးပြီးအကြိမ်ကြိမ်ငြင်းဆိုနေခဲ့ပေမဲ့ နှလုံးသားကတစ်ချက်တစ်ချက်ထထပြီးဆန္ဒပြချင်နေသလိုလို ယိမ်းယိုင်နေတတ်တာကိုလည်းသိနေခဲ့၏။
သူ့အပြောတွေအကြည့်တွေမှာ နှောင်ကြိုးမိနေတဲ့ပင့်ကူငယ်လိုမရုန်းသာမလှုပ်သာဖြစ်နေတာကိုလည်းခံစားမိနေသား။ တစ်ခါမှမတုန်လှုပ်ဖူးတဲ့စိတ်လှုပ်ရှားခြင်းတွေနဲ့ စိတ်တွေဆန်းပြားနေခဲ့တာကိုလည်းသိနေပြန်တာပဲ။
မဖြစ်နိုင်ပါဘူးလို့ငြင်းဆန်နေရင်း မတွေ့မမြင်ရသောနေ့ရက်တွေမှာနေမထိထိုင်မသာဖြစ်နေပြီးမျှော်လင့်နေမိတာလည်းရှက်ဖို့ကောင်းနေသည်။ ဖုန်းခေါ်တာကိုမစောင့်နိုင်လောက်အောင်တမ်းတမိတဲ့စိတ်နဲ့ဖုန်းစဆက်လိုက်မိတော့တာပါပဲ။
မရည်ရွယ်ဘဲသီဆိုပြလိုက်ပြီးမှ သေလောက်အောင်လည်းရှက်နေမိ၏။ လူလည်ပန်ကာကောင်ကမသိဘဲနေမလား။ ကတုန်ကရင်စိတ်နှင့်ဖုန်းကိုစက်ပိတ်ထားလိုက်မိသည်။ ပြန်ဆက်တော့မယ်မှန်းသိနေပေမယ့်မကိုင်ရဲတော့ပေ။ အပျိုဖျန်းလေးလိုပူထူနေတဲ့ခံစားချက်တွေနှင့် အိပ်ရာပေါ်လဲလျောင်းလိုက်ရင်းအတွေးနယ်ချဲ့နေမိပြန်၏။
သူလာလျှင်ခင်းအိပ်နေကျမွေ့ယာအပါးလေးကိုငေးကြည့်နေရင်း တစ်နေ့လုံးလည်းသတိရနေမိတာ။ တကယ်ဆိုညီမင်းသွင်ကိုစောင့်ပြီးမှ မှော်ဘီကိုအတူတူပြန်လာလိုက်လို့လည်းဖြစ်သားပဲ။
သို့ပေမဲ့သူနဲ့မျက်နှာချင်းဆိုင်မိရင် စိတ်ကိုထိန်းနိုင်ဖို့ဆိုတာမသေချာတော့ မှော်ဘီကိုရှောင်လာခဲ့မိခြင်းမျိုး။
ဖုန်းဆက်ပြောတော့လည်းတော်တော်နှင့်ဖုန်းချခွင့်မပေးသောလူကြောင့် ဒီနေ့တော့တော်တော်ကြာကြာစကားပြောဖြစ်ခဲ့ကြရင်း ကြားနေရတဲ့စကားတွေကြောင့်
စိတ်တွေကတင်းမထားနိုင်တော့ချေ။အပြောကောင်းအချွဲကောင်းတတ်သောကောင်လေးကြောင့် ရည်ရွယ်ထားခဲ့သောသီချင်းလေးကိုဆိုပြလိုက်မိသည်။ ဒီတိုင်းဆိုပြပြီးဖုန်းချလိုက်ရင်တောင်သိလိုက်မယ်မထင်။ လျှာရှည်ပြီး Good Night ကောင်းလိုက်မိတာ၊ လွှတ်ခနဲထွက်သွားသောနှုတ်ဖျားက အဖျားဆွတ်ပြီးတောင်ခေါ်လိုက်မိပြန်သေး။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤