TYCDTN
Chapter 40
ယွီစီးယွီ့ မဒမ်ကြီးရဲ့ခြံထဲက ထွက်သွားပြီးနောက် ဘေးဖက်မှာ ဘယ်သူမှမရှိတာတွေ့မှ သူ(မ)ရဲ့ ဣန္ဒြေမဲ့သော အပြုံးကို လက်ကိုင်ပဝါဖြင့် ဖုံးဖိထားသည်။
"ဘာတွေ ပျော်နေတာလဲ"
ရင်းနှီးနေသည့် အသံက အနောက်ကနေ ထွက်လာခဲ့သည်။ သူ(မ) လှည့်ကြည့်လိုက်တော့ ယွီရှန်းက ပန်းပွင့်ရိုက်ထားသည့် အဝါနုရောင် ဝတ်စုံလေး ဝတ်ထားကာ ဆောင်းစံပယ်ပန်းခြုံနား ထိုင်နေသည်။ သူ(မ)ကိုယ်ပေါ်ကို ရွှေရောင် နေရောင်ခြည် လွှမ်းခြုံထားကာ ပန်းတွေထက် ပိုလှနေသည်။
အောက်ပိုင်းသေနေတဲ့လူက လှနေတော့ကော ဘာအသုံးဝင်မှာလဲ၊ ယွီစီးယွီ့က ရင်ထဲကနေ လှောင်ပြောင် လိုက်သည်။ သူ(မ)က စကားမပြောခင် သူ(မ)ရဲ့ နှုတ်ခမ်းထောင့်စွန်းကို လက်ကိုင်ပဝါဖြင့်သုတ်ပြီး..
"တစ်လကြာပြီးရင် အဖွားက ငါ ဖန်းမိသားစုနဲ့ လက်ထပ်ဖို့ သူကိုယ်တိုင် ဆွေးနွေးပေးမယ် ဆိုလို့ ပျော်နေတာလေ၊ နောက်ဆုံးတော့လည်း သူ့မြေးမအရင်း ဖြစ်တဲ့ ငါ ခံစားနေရတာ မကြည့်ရက်ဘူးလေ"
လက်ထပ် ဟူသောစကား၂လုံးကို လေသံဖိပြောခဲ့သည်။
ယွီရှန်းက ဖွဖွ မရယ်ခင် မျက်လုံးမှေးကျဥ်းကာ ခဏလောက် စဥ်းစားလိုက်ပြီး သူ(မ)ထင်ထားသလို မနာလိုမှုကော အံ့သြခြင်း အမူအရာကော မရှိပေ။
ယွီစီးယွီ့က ဒေါသ အလိပ်လိုက်ထွက်ကာ မေးလေသည်။
"ဘာရယ်တာလဲ၊ မယုံဘူးလား"
"မဟုတ်တာ သေချာပေါက်ယုံတာပေါ့"
ယွီရှန်းက အရယ်ရပ်ကာ လက်မြှောက်ကာ လက်ခုပ်တီးလိုက်သည်။
"အစ်မကြီးကို ငါက ကြိုတင်ဂုဏ်ပြုပါတယ်၊ အနာဂတ်မှာ ဂရုစိုက်နေပါ"
ဘယ်လိုလုပ် မဒမ်ကြီးက ခွင့်ပြုလိုက်တာလဲ။ ယွီစီးယွီ့ ငမ်းငမ်းတက် လိုချင်နေတဲ့ ဖန်းကျီ့ချန်က အနာဂတ်မှာ ပျက်စီးတော့မှာ၊ ပစ္စည်းဥစ္စာတွေလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းခံရပြီး နင်းချေခံရမယ့် လူစားမျိုး မဟုတ်လား။ ဒီတစ်ခါတော့ မဒမ်ကြီး တကယ်စိတ်တို နေပုံရသည်။