အခန်း(၁၃၇)
ယွီဖင်ယန် မျက်လုံးဖွင့်လာသည်နှင့် သူ့လက်မောင်းထဲက ကိုယ်မနွေးနွေးလေးကို ပိုတင်းတင်းဖက်လိုက်ပြီး သူ့အသက်ရှူသံတွေက ပိုနက်ရှိုင်းသွားခဲ့သည်။
ယွီရှန်းက လူးလိမ့်သွားပြီး မပီမသပြောခဲ့သည်။ "လာရှုပ်မနေနဲ့၊ ညီလာခံတက်ရဦးမှာမလား။"
"ဒီနေ့က ပိတ်ရက်လေ။" ယွီဖင်ယန်က ခပ်ဖွဖွရယ်လျက် သူ့ဇနီးကို အနောက်က သိုင်းဖက်ခဲ့သည်။
ထောင်ဟုန်နှင့် လျိုလွီ့က မနက်အစောပိုင်း သူတို့သခင်မလေးဆီ အခစားဝင်မည့်အချိန်မှာပဲ အခန်းထဲက အသံတွေကြောင့် မျက်နှာလေးတွေနီကာ နောက်ပြန်ဆုတ်ခဲ့ကြလေသည်။ နှစ်ယောက်သား နေမမြင့်မချင်းမထဘဲ ပြီးမှ မဒမ်အိုကြီးကို အရိုအသေသွားပေးခဲ့သည်။
"မနက်စာ မြန်မြန်လာစားကြ၊ နင်တို့ နှစ်ယောက်ကို တစ်မနက်ခင်းလုံးစောင့်နေတာ။" မဒမ်အိုကြီးက သူတို့ကို ဆူလိုက်ပေမယ့် မျက်နှာထက်တွင် အလိုလိုက်ဟန်တို့ ပြည့်နေခဲ့သည်။
သူတို့နှစ်ယောက်က မဒမ်အိုကြီးကို တောင်းပန်ခဲ့လေသည်။ စားပွဲရှိခုံတွင် ဝင်ထိုင်ပြီးနောက် ယွီရှန်းက တူကိုယူပြီး ပုစွန်ဖက်ထုပ်အကြည်ကို ယူစားလိုက်သည်။ သူမက တစ်ငုံကိုက်ပြီးနောက် ထွီးကတည်း ထွေးထုတ်ခဲ့ပြီး ရေရွတ်ခဲ့သည်။ "ညှီနံ့နံလိုက်တာ၊ ဒီတစ်ခါ ညှီနံ့မနံအောင်လုပ်ဖို့မေ့သွားတယ်ထင်တယ်။"
မဒမ်အိုကြီးက ယူမြည်းကြည့်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ပြောခဲ့သည်။ "အဖွားအတွက်တော့ အရသာက ပုံမှန်ပါပဲ၊ ကြည့်ရတာ အသက်ကြီးလာတော့ အရသာခံနိုင်စွမ်းတွေ ပိုဆိုးလာပြီထင်တယ်။"
"နံရင်မစားနဲ့တော့၊ ဆန်ပြုတ်လေးသောက်လိုက်။" ယွီဖင်ယန်က သူ့ဇနီးကို ငါးဆန်ပြုတ်တစ်ပန်းပေးခဲ့သည်။ ထို့နောက် လက်ချောင်းထိပ်ဖြင့် သူမ နှုတ်ခမ်းထောင့်က ပေနေကာကို သုတ်ပေးပြီး ထိုလက်ချောင်းကို သူကပါးစပ်ထဲထည့်ကာ ပြန်စုပ်ခဲ့သည်။
"ဒါလည်းနံတာပဲ။" ယွီရှန်းက အနံ့ခံကြည့်ပြီးနောက် ခေါင်းကိုတစ်ဖက်ကိုလွှဲပြီး ပျို့နေသည်။ "စာဖိုမှူးဘာဖြစ်နေတာလဲ၊ ဒီနေ့ အရင်လို မကောင်းဘူး။"