အပိုင်း(၁၁၈)
ကောင်းကင်ယံထက်မှာ လထိန်ထိန်သာပြီး နွေရာသီအစောပိုင်းရဲ့လေက အနည်းငယ်သော အေးစိမ့်မှုကို သယ်ဆောင်ကာ ပြတင်းပေါက်ကို ဖြတ်ဝင်လာခဲ့သည်။ မရပ်စဲသည့် ဖားအော်သံတွေက လူကို စိတ်လှုပ်ရှားစေသည်။ ယွီရှန်းက အစွမ်းရှိဆေးဆရာဖူ ပေးထားသည့် ဆေးသေတ္တာကို ထုတ်လိုက်သည်။ သူမက သေတ္တာထဲက ဆေးတွေအကုန် အဝတ်စထဲသွန်ထည့်ကာ အဝတ်စကို ချည်နှောင်လိုက်သည်။
"သခင်မလေး အခုက ချုံရှီအချိန်(1 am – 3 am)ကျော်ပြီမလို့ မြို့တံခါးက ပိတ်ပါပြီ၊ ဘယ်သွား မလို့ပါလဲ၊ မနက်ဖြန်မှ ဆွေးနွေးလို့ ရမလား" လျို့လွီ့က အမြန်ပင် အဝတ်အိတ်ကို သွားဆွဲခဲ့သည်။
"သခင်မလေး ဘာလို့ အကြောင်းပြချက် မရှိဘဲ သွားတာလဲ၊ မှူးမတ်ကြီးကို အိပ်မက် မက်လို့လား" ထောင်ဟုန်က သူမ အဝတ်တွေကို ထုတ်ပိုးကာ မေးခဲ့သည်။
ယွီရှန်းရဲ့ လက်တွေက တုန်ယင်နေဆဲဖြစ်ကာ လက်ဖက်ရည် ပူပူလေး ငှဲ့သောက်လိုက်သည်။ လက်ဖက်ရည် သောက်လိုက်ပြီးမှ အသိစိတ်ပြန်ကပ်ခဲ့ပြီး သြရှသည့် အသံဖြင့် ပြောခဲ့သည်။ "ငါ့အစ်ကိုကြီး နောက်ကျောကို မြှားထိမှန်ပြီး မြစ်ထဲကျသွားပြီး ပျောက်သွားတာကို အိပ်မက် မက်ခဲ့တာ၊ မြစ်ကမ်းပါးကနေ မြှားတွေပစ်ပြီး သူ့ကို တိုက်ခိုက်နေတဲ့လူတွေ ရှိသေးတယ်"
တခြားလူရဲ့ အိပ်မက်ဆိုရင် ထင်ယောင်ထင်မှား ဖြစ်ပေမယ့် သူမ သခင်မလေးရဲ့ အိပ်မက်က အနာဂတ်ကို ကြိုမြင်ရပြီး လက်တွေ့ဆန်သည်။ ထောင်ဟုန်နှင့် လျိုလွီ့က လေအေးအေးကို ရှူရှိုက်ခဲ့သည်။ ညသန်းခေါင်ကြီးမှာ သူမ ဘာလို့ မြို့ပြင်ကို သွားချင်လည်း နားလည်သွားခဲ့သည်။ အရင်တုန်းက ကြုံခဲ့ရသည့် အဖြစ်အပျက်အရ ဒါက မဖြစ်ပွားရသေးပေ။ သူတို့သာ သူ့ကို သတိပေးနိုင်ရင် မှူးမတ်ကြီးက သတိထားနေနိုင်မည်ဖြစ်သည်။
"ဒါပေမဲ့ သခင်မလေး တခြားလူကိုလွှတ်ပြီး စာပို့လို့ရတာပဲ၊ ဘာလို့ လူကိုယ်တိုင်သွားမှာလဲ၊ အဲတာက အနောက်ဘက်နယ်စပ်ဖြစ်ပြီး စစ်လည်းဖြစ်နေတာ၊ ဓားပြတွေလည်းရှိပြီး လူရိုင်းတွေကလည်း နေရာတကာမှာရှိနေတယ်၊ သာမာန်လူ သွားသင့်တဲ့ နေရာ မဟုတ်ဘူး" လျိုလွီ့က အလေးအနက်ထားကာ တားမြစ်ခဲ့သည်။