အပိုင်း(၁၃၉)
နောက်ထပ် နှစ်သစ်ကူးပွဲတော် ရောက်ရှိလာပြန်သည်။ သာမန်လူဖြစ်စေ မျိုးရိုးမြင့်များဖြစ်စေ လူတိုင်း ပိုင်ယွင်တာအိုလးဘုန်းကြီးကျောင်း၌ နောက်နှစ်တွင် ရာသီဥတုကောင်းပြီး မိုးရွာစေရန် ဆုတောင်းကြလေသည်။
ရှန်ယွမ်ချီက မက်မွန်ပန်းရုံလေးထဲသို့ လျှောက်သွားနေပြီး သူ့ရှေ့က ရင်းနှီးနေသော ရယ်သံလေးကိုကြားလိုက်ရသည်။ သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
"သခင်ကြီးရှန် ကျွန်မကိုစောင့်ပါဦး။" နံပါတ်၉မင်းသမီးက အစားအသောက်ဘူးများကိုင်ထားသော အစေခံနှစ်ယောက် ခြံရံလျက် သူ့နောက်ကိုပြေးလိုက်လာသည်။
"သခင်ကြီးရှန် ဒီမှာ မက်မွန်ပန်းတွေ ပွင့်နေပြီလေ၊ မြင်ကွင်းက ဒီလောက်လှတာကို တစ်ခုခုစားရင်း ထိုင်ရှုစားတာမကောင်းဘူးလား။"
သူမ၏ မျက်နှာသေးသေးလေးကို စောင်းလိုက်သည်။ သူမ၏ မျက်လုံးများတွင် ချစ်ရသူကိုတွေ့နေရ၍ ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေသည်။ နန်းတွင်းအစေခံနှစ်ယောက်က အဝတ်စများကို ချက်ချင်းဆွဲထုတ်ပြီး နူးညံ့လှသော မျက်ခင်းပြင်ပေါ် ဖြန့်ခင်းလိုက်သည်။ ထို့နောက်တွင် လက်ဖက်ရည်သေတ္တာများကို ထုတ်ပြီး သပ်ရပ်စွာ စီစဉ်လိုက်သည်။
"လာထိုင်လေ။"
ရှန်ယွမ်ချီက တုံ့ဆိုင်းနေဆဲဖြစ်၍ နံပါတ်၉မင်းသမီးက သူ့ကို အောက်သို့ဆွဲချကာ ထိုင်ခိုင်းလိုက်သည်။ သူက ထွက်သွားမည့်အစား ထိုင်လိုက်သည်ကိုမြင်၍ သူမ၏နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားရသည်။
"တော်ဝင်စားဖိုဆောင်က လက်ဖက်စိမ်းအစာသွပ်မုန့်အသစ် ဖန်တီးထားတယ်၊ ချိုပေမဲ့ အီမနေဘူး၊ ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာ ပျော်ဝင်သွားပြီး လက်ဖက်ရည်အရသာလေးတွေ ပြည့်သွားတာပဲ၊ ကျွန်မတော့ ကြိုက်တယ်၊ သခင်ကြီးရှန်လည်း မြည်းကြည့်လေ။"
စိတ်အားထက်သန်လှသော အမူအရာဖြင့် နံပါတ်၉မင်းသမီးက စိမ်းဖျော့ရောင် မုန့်လေးကို ကောက်ယူလိုက်ပြီး ရှန်ယွမ်ချီ၏ပါးစပ်နားအထိ တိုးကပ်ပေးလိုက်သည်။