အခန်း(၁၂၀)
မှူးမတ်စံအိမ်က အစေခံတွေ ရှန်စံအိမ်ကိုရောက်တော့ ယွီရှန်းက ခြေထောက်ဒဏ်ရာကုသဖို့ ကျန့်ကော် ဘုန်းကြီးကျောင်းကို တစ်လသွားနေကြောင်း သိခဲ့ရသည်။ သူတို့တွေက ကျန့်ကော်ဘုန်းကြီးကျောင်းကိုရောက်တော့လည်း တခြားဘုန်းတော်ကြီးတွေနှင့်သာတွေ့ပြီး ပြန်လာခဲ့ရလေသည်။
ယွီရှန်းကို ပြန်မခေါ်လာနိုင်ခဲ့တော့ မဒမ်အိုကြီးက ပိုပြီးစိတ်မငြိမ်ဖြစ်လာခဲ့သည်။ သူမက နေမကောင်းတာကို ခေါင်းမာပြီး ကိုယ်တိုင်ထွက်ရှာရန်ပြင်ခဲ့သည်။ သို့ပေမယ့် အခန်းပြင်ထွက်လိုက်သည်နှင့် သွေးအန်ကာ မေ့လဲသွားခဲ့သည်။ မြေးဖြစ်သူက ဝူမြစ်ထဲပြုတ်ကျကာ မသေသေးဘူးဟူသော ခပ်မှိန်မှိန် မျှော်လင့်ချက်လေးရှိသေးသည်။ ယွီရှန်းပြန်လာရင် သူဘေးကင်းလိမ့်မယ်။
ထိုစွဲလမ်းမှုကြောင့် သူမ သတိမေ့နေချိန်အတွင်းတောင် ဗလုံးဗထွေးပြောခဲ့သည်။ "ရှန်းအာကို သွားခေါ်လာခဲ့၊ ရှန်းအာကို မြန်မြန်သွားရှာလာ... "
မာမောမောက မဒမ်အိုကြီး အခြေအနေပိုဆိုးသွားမှာကြောက်လို့ ပြန်ဖြေကြားပေးပြီး သမားတော်ကိုပင့်ခဲ့သည်။ တခြားလူတွေက သူမကို ညောင်းစောင်းထက် ပြန်တွဲတင်ကြပြီး သွေးတွေကို ရေနွေးဖြင့် သန့်စင်ပေးခဲ့သည်။
မှူးမတ်စံအိမ်က ဗြောင်းဆန်နေသည်။ ယွီစီးယွီ့က မဒမ်အိုကြီးရဲ့နန်းဆောင်ကို အလောတကြီးသွားသည့် လမ်းတစ်ဝက်မှာပဲ ယွီစီးယွီ့က ကြာကန်ဘေးမှာထိုင်ကာ ပန်းတွေငါးတွေကို ရှုစားနေခဲ့သည်။ ယွီစီးယွီ့က မျက်လုံးတွေ နီရဲသွားခဲ့သည်။ "အစ်ကိုကြီးက သေလားရှင်လားမသိသေးတဲ့အပြင် အဖွားကပါ နာမကျန်းဖြစ်နေတာကို နင်က ပျော်ပါးနေသေးတယ်ပေါ့။"
"ဘာကိစ္စ မပျော်ပါးနိုင်ရမှာလဲ၊ သူတို့က ငါ့ကိုယွီမိသားစုဝင်လို့ မသတ်မှတ်တဲ့အတွက် ငါကလည်း သူတို့ကို ဂရုစိုက်စရာ မလိုဘူး၊ သေသေရှင်ရှင် ငါနဲ့မဆိုင်ဘူး၊ ငါ့ဘာသာငါ ပန်းတွေ၊ ငါးတွေ၊ မြက်တွေကို ကြိုက်သလောက် ကြည့်ရှုခံစားလို့ရတယ်၊ နင်ကတော့ အဲလိုလုပ်ဖို့ အခွင့်အရေးမရှိတော့မှာစိုးရတယ်နော်။" သူမက ပါးစပ်ကိုအုပ်ကာ ခပ်ဖွဖွရယ်ပြီး သူမ မျက်လုံးတွေက ယုတ်မာကောက်ကျစ်မှုတို့ဖြင့် လက်ထနေသည်။