အခန်း (၁၃၄)
နံပါတ်၅နှင့် နံပါတ်၆မင်းသားက မကြာခင်က သူတို့ရဲ့ အပြုအမူနဲ့လုပ်ရပ်တွေကို ပြန်တွေးခဲ့သည်။ သူတို့နှစ်ယောက်လုံးက မျက်နှာကြီး ဖြူဖပ်သွားပြီး ဆံပင်ကနေ ချွေးတွေစီးကျလာကာ အင်္ကျီရင်ဘတ်ကို စိုသွားစေခဲ့သည်။ အိမ်ရှေ့စံမင်းသားက အမြဲလိမ္မာသိတတ်ပြီး ဖြောင့်မတ်ကာ အရည်အချင်းရှိသည်။ ထို့ကြောင့် စိတ်ရှည်ရှည်စောင့်ဆိုင်းပါက မကြာခင်မှာပဲ ထီးနန်းက သူ့အပိုင် ဖြစ်လာလိမ့်မည်။ သူက ဘာကြောင့် ထီးနန်းသိမ်းဖို့ ကြုံရမည်နည်း။
သူတို့တွေက တစ်ခုခုမှားယွင်းနေတာကို သိလိုက်ပြီး သူတို့ထဲက တစ်ယောက်က သူများကို ဆန့်ကျင်ဖို့ လုပ်နေတာကို သံသယဝင်ခဲ့လေသည်။ သူတို့က ဘယ်တုန်းကမှ အိမ်ရှေ့စံမင်းသားအတွက် သက်ညှာပေးဖို့တောင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ အိမ်ရှေ့စံ အောက်ကျနေချိန်မှာ ရိုက်ချဖို့သာ တွေးနေပြီး အိမ်ရှေ့စံနှင့် ကလေးနှစ်ယောက်ကို သတ်ဖို့သာ တွေးခဲ့သည်။ သူတို့က ထီးနန်းတက်ဖို့ အိပ်မက် မက်ခဲ့ကြပေမယ့် သူတို့ရဲ့ ခမည်းတော်က အကုန်သိနေကာ သူတို့ရဲ့ အရှက်မဲ့ဖွယ် ကျက်သရေမရှိဖွယ် အော့နှလုံးနာဖွယ် လုပ်ရပ်တွေကို ကြည့်ကာ မှတ်ထားခဲ့လေသည်။
ယွီဖင်ယန်က သိန်းချီသည့် တပ်သားကို ဦးဆောင်ကာ ပြန်လာခဲ့သည်။ သူတို့သာ မူမမှန်တာ တစ်ခုခုလုပ်လိုက်ပါက အလောင်းတောင်ကောက်မရအောင် သေကုန်လိမ့်မည်။ ထိုအချိန်မှာပဲ သူတို့ရင်ထဲမှာ နောင်တအလုံးအရင်းဝင်ရောက်နေလေသည်။ အာဏာကြောင့် မျက်ကန်းဖြစ်သွားသည့် သူတို့ကိုယ် သူတို့ရွံရှာပြီး သူတို့ရဲ့ ခမည်းတော် ဘုရင်ကြီးက ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ သူတို့မေ့သွားခဲ့သည်။ သူတို့က ရက်စက်သည့်ကံတရားကို စောင့်ဆိုင်းရင်း အသံတိတ်နေသည့် နံပါတ်၄မင်းသားကို လေးစားပြီး အားကျခဲ့ရလေသည်။
သူတို့ရဲ့ နံပါတ်၄အစ်ကိုက အရာအားလုံးကို ကောင်းကောင်းသိမြင်ခဲ့လို့ အစကနေ အဆုံးထိ အိမ်ရှေ့စံရဲ့ဘက်ကနေ ရပ်တည်ခဲ့သည်။ ညီလာခံတိုင်းမှာလည်း အိမ်ရှေ့စံအတွက် အသနား ခံခဲ့သည်။ သူက သစ္စာရှိခြင်း၊ တည်ငြိမ်ခြင်း၊ သားသမီးတာဝန်သိတတ်ပြီး ညီအစ်ကိုတွေကို ခင်တွယ်သည်။ ခမည်းတော်က ဒါကိုကြည့်ကာ ကြည်နူးနေလိမ့်မည်။ ဒီကိစ္စတွေ အားလုံးပြီးသွားပါက နံပါတ်၄မင်းသားက အားလုံးရဲ့ အထက်မှာရှိပြီး သူတို့ကတော့ သာမာန်ပြည်သူအဖြစ် ရာထူးချခံရလိမ့်မည်။