အပိုင်း(၁၂၇)
ယွီဖင်ယန်က သူ့ကိုယ်သူ မဖော်ထုတ်ပဲ တပ်ကိုဦးဆောင်ကာ မြို့တော်ကို ပြန်သွားခဲ့သည်။ ဒါ့အပြင် ဘုရင်ကြီးချန်ကန်းက သတင်းပိတ်ဆို့ထားတာကြောင့် အနောက်ပိုင်းလူရိုင်းတွေ အကုန်နီးပါး သူရှင်းထုတ်တာ ခံခဲ့ရကြောင်း ဘယ်သူမှ မသိခဲ့ပေ။
နန်းတွင်းသူနန်းတွင်းသားတွေ အချိန်ပြည့်တွေးနေသည့် အရာတွေက ဒီနေ့မင်းငါ့ကိုစွပ်စွဲရင် မနက်ဖြန် ငါမင်းကို စွပ်စွဲမယ် ဟုသာ ခေါင်းထဲတွေးနေကြသည်။ ဘုရင်ကြီး ချန်ကန်းဆီက မျက်နှာသာရအောင် ဘာမှဂရုမစိုက်ဘဲ လုပ်နေကြသည်။ ဘုရင်ကြီး ချန်ကန်းက ပျော်ရွှင်စွာ ပွဲကြည့်ခဲ့သည်။ တကယ့်လက်တွေ့မှာတော့ သူ့လက်ထဲက သားသတ်ဓားက မြင့်မြင့် မြှောက်ထားပြီးပြီဖြစ်သည်။
တပ်သားတွေ မြို့တော်ပြန်ရောက်ဖို့အတွက် ရက်အနည်းငယ် လိုသေးသည်။ လူတွေရဲ့အမြင်ကို ဖုံးဖို့အတွက် ယွီဖင်ယန်က ယွီရှန်းကို အရင်ပြန်ပို့ရမည်ဖြစ်သည်။ သူတို့နှစ်ယောက်က စကားပြောပြီး ထပ်နမ်းခဲ့သည်။ နှုတ်ဆက်စကားပြောတာကိုပဲတစ်နာရီလောက် ကြာခဲ့တာကြောင့် လျိုလွီ့က အသက်စွန့်ကာ သူတို့နှစ်ယောက်ကို လူစုခွဲခဲ့သည်။
သူမက မိန်းကလေးဖြစ်တာကြောင့် ဘုန်းကြီးကျောင်းမှာ ဆက်နေလို့မရပေ။ သူမ ထွက်သွားပြီး နှစ်လကြာတော့ ရှန်ယွမ်ချီက အစေခံလေးတစ်ယောက်ကို ယွီရှန်းလို ဝတ်ဆင်ခိုင်းပြီး ရထားလုံးဖြင့် ရှန်စံအိမ်ကို ပြန်ခေါ်ခိုင်းခဲ့သည်။ ထို့နောက် သူ့ညီမက အပြင်းအထန် ဖျားနေတာကြောင့် ဘယ်ဧည့်သည်ကိုမှတွေ့ဖို့ လက်မခံကြောင်း ကြေငြာခဲ့လေသည်။
ယွီရှန်း ရှန်စံအိမ်ကို ခိုးကြောင်ခိုးဝှက်ဝင်လာသည့်အချိန်မှာပဲ ရှန်ယွမ်ချီက သူမကို မည်းမှောင်မှုန်ကုပ်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရလေသည်။
"ပြန်လာပြီလား။" သူက ရှေ့ကိုလျှောက်လာပြီး ညီမဖြစ်သူကို အထက်အောင် ကြည့်လိုက်သည်။ "အကုန်လုံး အဆင်ပြေရဲ့လား။"
"အဆင်ပြေပါတယ် တစ်စက်လေးတောင် မထိခိုက်ခဲ့ပါဘူး။" ယွီရှန်းက မျက်လုံးလေးတွေ လခြမ်းကွေးဖြစ်သွားသည်အထိ ပြုံးပြခဲ့သည်။