အခန်း(၁၀၄)
နောက်တစ်နေ့ကျတော့ မဒမ်အိုကြီးက လင်ရှီနှင့်ယွီမောက်ချီကို ခေါ်ပြီး အိမ်ရှေ့စံမင်းသားရဲ့အဆောင်တော်ကို သွားခဲ့ပြီး ယွီရှန်းနှင့် ယွီစီးယွီ့လည်း ပါလာခဲ့သည်။ အိမ်ရှေ့စံမင်းသမီးကလည်း လည်ကြောင်းတွေပူလောင်နေပြီး သူတို့ကိုတွေ့ပြီးနောက် လင်ရှီတို့သားမိကို ဘေးခန်းမဆီပို့ပြီး ဆုံးမစကား နားထောင်စေခဲ့သည်။ ထို့နောက် မဒမ်အိုကြီးနှင့် တခြားလူတွေနှင့်တွေ့ပြီး စာချင်းဖလှယ်ကာ ပြောဆိုဆက်ဆံခဲ့လေသည်။
လဝက်လောက်ကြာပြီးနောက် အဆိပ်မိခဲ့သည့် အိမ်တော်က အမျိုးသမီးတွေအကုန်လုံးကိုတောင်းပန်ပြီးသွားပြီဖြစ်သည်။ မိဖုရားကြီးနှင့် အိမ်ရှေ့စံမင်းသမီးက သဘောထားကြီးစွာ ခွင့်လွှတ်ခဲ့တာကြောင့် သူတို့လည်း ခေါင်းမမာရဲဘဲ စကားတချို့ပြောကာ ဒီကိစ္စကို ဒီတိုင်းလွှတ်ပေးခဲ့ကြလေသည်။ သို့ပေမယ့် လင်ရှီနှင့် ယွီမောက်ချီရဲ့ ဂုဏ်သတင်းကတော့ ဆိုးမြဲဆိုးဆဲဖြစ်၏။ ဟိုးတုန်းကတော့ ယွီစံအိမ်နှင့် ပတ်သက်သည့် မိသားစုတချို့ရှိပေမယ့် အခုတော့ ယွီစံအိမ်က ခြောက်ကပ်နေခဲ့သည်။
အောင်မြင်သည့်အရာရှိမိသားစုတွေက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ ရည်ရွယ်ချက်မရှိသည်ဖြစ်စေ ယွီစံအိမ်ကိုမြို့တော်ရဲ့ အာဏာရှိ အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြသည်။ ဒါက ယွီဖင်ယန် လိုချင်မျှော်မှန်းထားသည့် လှုပ်ရှားမှုဖြစ်သည်။ လူမှုဆက်ဆံရေးမရှိမှ အနာဂတ်မှာ ဘုရင်ကြီးက အောင်မြင်သည့်အရာရှိတွေကို ရှင်းထုတ်ခိုင်းသည့်အခါ ဘာကန့်သတ်ချက်မှမရှိဘဲ သူဆောင်ရွက်နိုင်မှာဖြစ်သည်။
ထိုသို့ဖြစ်လာတာကိုမြင်တော့ ဘုရင်ကြီးချန်ကန်းက ပိုပျော်သွားခဲ့သည်။ အခု ယွီဖင်ယန်က တော်ပြီး သစ္စာရှိကာ ရဲစွမ်းသတ္တိရှိသည့် စစ်သူကြီးအမတ်ကြီးဖြစ်သည်။ ဘုရင်ကြီးက ထိုသို့သော သူ့ရဲ့ဓားကောင်းတစ်လက်ကို ကောင်းကောင်း အသုံးချချင်ရုံသာမက အိမ်ရှေ့စံမင်းသားအတွက်ပါ ချန်ထားပေးချင်ခဲ့သည်။ ဂုဏ်သိက္ခာဘယ်လောက်ပဲကျဆင်းပါစေ သူ့အရည်အချင်းကတော့ မလျော့ပါးခဲ့ပေ။