အခန်း(၁၁၅)
မဒမ်အိုကြီးက မြေးဖြစ်သူကို ပို့ပြီးသည်နှင့် ခန်းမထဲမှာအတွေးတွေနစ်မြောကာ မလှုပ်မယှက်ထိုင်နေခဲ့သည်။ ယွီမောက်ချီရဲ့ စကားတွေက အတွေးထဲ တဝဲလည်လည်ဖြစ်နေကာ စိတ်မသက်သာပေ။
"အဲဒီမောင်နှမနှစ်ယောက်... " မဒမ်အိုကြီးက နားထင်ကိုဖိကိုင်ကာ ဘေးက မာမောမောကို ကြည့်ခဲ့သည်။
မာမောမော ပြန်မဖြေရသေးခင်မှာပဲ တံခါးနားက တင်ပြသံ ကြားလိုက်ရလေသည်။ "မဒမ်ကြီး ဒုသခင်မလေး လာပါတယ်။"
"ဝင်ခိုင်းလိုက်။"
ယွီမောက်ချီက ဖြည်းညင်းစွာ ဝင်လာပြီး သူမနောက်မှာ ဖြူဖတ်နေသည့် ပေါက်ရှန်း ပါလာသည်။ သူမက အရိုအသေပေး နှုတ်ဆက်ပြီးသည်နှင့် ပေါက်ရှန်းက အချက်ပြခဲ့သည်။ "လာခဲ့ နင်တွေ့ခဲ့သမျှကို အဖွားကို ပြောပြလိုက်။"
ပေါက်ရှန်းက ဒူးထောက်ကာ တုန်တုန်ယင်ယင်ဖြင့် ထိုညက သူမ တွေ့ခဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြခဲ့သည်။
"တော်တယ် အဲလိုညကြီးအချိန်မတော် စံအိမ်မှာ လျှောက်သွားဖို့ ခက်ခဲမှာပေါ့။" မဒမ်အိုကြီးရဲ့ တည်ငြိမ်သည့်အမူအရာက ချက်ချင်း ခင်ထန်အေးစိမ့်သည့် ဘက်ကိုပြောင်းသွားပြီး ခက်ထန်စွာ အမိန့်ပေးခဲ့သည်။ "သူ့ကို ဆွံ့အစေမယ့်ဆေးပေးပြီး မနက်ဖြန် ရောင်းလိုက်တော့။" သူမက ပြောပြီးသည်နှင့် သူမရဲ့ မြေးမနှင့်မြေးရဲ့ ပူးကပ်နေသည့်အမူအရာတွေက စိတ်ထဲ ပေါ်လာခဲ့သည်။ သူတို့က သာမာန် မောင်နှမတွေထက် ပိုနီးကပ်နေတာကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဘယ်အသက်၁၅နှစ်ကောင်မလေးက အစ်ကိုဖြစ်သူကို တစ်ချိန်လုံး ချီခိုင်းလို့လဲ။ ဘယ်ညီမလေးက သူနေမကောင်းတိုင်း အစ်ကိုဖြစ်သူကို တစ်ညလုံး ဘေးမှာနေခိုင်းလို့လဲ။ ဒီလို ကြင်နာဂရုစိုက်မှုတွေက အချင်းချင်း မေတ္တာမျှနေတာ သိသာသည်။
ပေါက်ရှန်းက ထိပ်လန့်သွားပြီး အော်ဟစ်ခဲ့သည်။ "သခင်မလေး ဒီအစေခံကို ကူညီပါဦး၊ ဒီအစေခံရဲ့ လုံခြုံရေးကို အာမခံတယ်လို့ ပြောခဲ့တယ်မလား၊ စကားကို ပြန်ရုတ်သိမ်းလို့ မရဘူးနော်။"