အခန်း(၁၁၂)
လင်ရှီဆီက ပြန်လာပြီးကတည်းက ယွီရှန်းက အခန်းထဲမှာပဲနေကာ ဘယ်သူနဲ့မှ မတွေ့ခဲ့ပေ။ တရုတ်နှစ်သစ်ကူးညမှပဲ ညစာအတူတူစားရန် မဒမ်အိုကြီးရဲ့ အဆောင်ကို လာခဲ့လေသည်။
မဒမ်အိုကြီးက သူမကိုတွေ့သွားတော့ သူမက ဘာသိဘာသာနှုတ်ဆက်လိုက်ပြီး မျက်တွင်းတွေကျနေတာကိုလည်း ကိုယ့်ဘာသာကိုယ် သတိထားမိဟန် မတူပေ။ ညစာစားပြီးနောက် ခဏလောက်ဖဲကစားကြပြီး မှောင်လာသည်နှင့်အမျှ မြို့တော်တစ်ခုလုံး မီးရှူးမီးပန်းဖောက်သံတွေ ကြားလိုက်ရတော့ မဒမ်အိုကြီးက လက်ယမ်းပြကာ ပြောခဲ့သည်။ "သွားရအောင် မကောင်းဆိုးဝါးသွားနှင်ရအောင်။"
တခြားအိမ်တော်တွေမှာ မကောင်းဆိုးဝါးနှင်ဖို့ မီးရှူးမီးပန်းကို အစေခံတွေဖောက်သော်လည်း ယွီစံအိမ်မှာတော့ ယွီဖင်ယန် ကိုယ်တိုင် လုပ်သည်။ သူက အစေခံတွေကို မီးရှူးမီးပန်း သေတ္တာကိုသယ်လာခိုင်းပြီး တစ်ခုချင်းဆီ ကောင်းကင်ဘုံကို လွှတ်တင်ခဲ့သည်။
ယွီရှန်းက ယွီဖင်ယန်ရဲ့ အလွန်အမင်း အလိုလိုက်ခံထားရတာကြောင့် ပိုထိန်းရခက်လာခဲ့သည်။ သူမက ဘယ်ဖက်လက်ထဲမှာ အမွှေးတိုင်တုတ်ချောင်းလေးကိုင်ထားပြီး ညာဖက်လက်ထဲမှာ လက်ချောင်းနှစ်ချောင်းစာ အရွယ်ရှိသည့် မီးရှူးကို ကိုင်ထားခဲ့သည်။ သူမက တစ်ခုချင်း မီးရှို့ပြီးနောက် တခြားဘယ်ကိုမှ မပစ်ဘဲ ကြာပန်းကန်ထဲပစ်ထည့်ခဲ့သည်။ ဖုန်း ဖုန်း ဖုန်း ဟူသောအသံနှင့် ကြာပန်းကန်ထဲမှာ ပေါက်ကွဲမှုဖြစ်သွားပြီး ငါးသေရေပေါ် ပေါလောပေါ်လာခဲ့သည်။
"မြန်မြန်ဖမ်းကြ၊ ဒီညတော့ ငါးကင်စားရအောင်။" သူမက ကြာကန်နားကိုတိုးကြည့်ပြီး ထောင်ဟုန်နှင့် လျိုလွီ့ကို ပိုက်ကွန်ဖြင့် ဖမ်းရန် ညွှန်ကြားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သည့် ယွီစီးယွီ့ကလည်း လုပ်ကြည့်ချင်နေသည်။ သူမက ယွီရှန်းဆီက မီးရှူးတောင်းခဲ့သည်။
"သတိထားနော်၊ အနောက်ခြံကိုစောင့်တဲ့ လက်သုံးချောင်းမပါတဲ့ လျိုကျီ ကိုသိတယ်မလား။" ယွီရှန်းက လက်ခါယမ်းပြကာ ခနဲ့တဲ့တဲ့ပြုံးကာ ပြောခဲ့သည်။ "အဲတာ မီးရှူးကို အချိန်ကိုက် မပစ်ထုတ်နိုင်ခဲ့လို့ လက်ပြတ်သွားခဲ့တာလေ။"