အခန်း(၁၀၀)
ယွီဖင်ယန်က ညီမဖြစ်သူရဲ့ ခုခံမှုကို သိသော်လည်း အတည်မယူခဲ့ပေ။ သူမရဲ့လက်ထဲ ရေနွေးပုလင်း ထည့်ပေးမည့်အချိန်မှာပဲ ရေအေးနေတာကို ခံစားမိတာကြောင့် ဘေးခန်းကို လူကိုယ်တိုင်သွားကာ ရေသွားပြန်ဖြည့်ခဲ့သည်။
ယွီစီးယွီ့က အပြုံးဖြင့်ပြောခဲ့သည်။ "အစ်ကိုကြီးက နင့်ကို ဂရုစိုက်အလိုလိုက်နေတုန်းပဲ၊ အစ်ကိုကြီးရဲ့ ကာကွယ်မှုအောက်မှာ ယွီမောက်ချီက နင့်ကို ဘာများလုပ်နိုင်ပါ့မလဲ၊ နောက်ကျနေပြီ ငါပြန်တော့မယ်။" သူမက ပြတင်းပေါက်က ပုဇွန်ဆီရောင်သန်းနေသည့် ကောင်းကင်ကိုကြည့်ကာ ပြောလိုက်သည်။
ယွီရှန်းက သူမကို အမြန်ဆွဲထားလိုက်သည်။ "နောက်ကျနေမှတော့ အတူတူ ညစာ စားသွားလေ။" သူမက စကားပြောပြီးသည်နှင့် ထောင်ဟုန်ကို အချက်ပြလိုက်သည်။ "ထမင်းစားဆောင်ကိုသွားပြီး ညစာ အဆင်သင့်ဖြစ်ပြီလား သွားကြည့်လိုက်။"
သူမက အမိန့်နာခံကာ ထွက်သွားလေသည်။ လမ်းတစ်လျှောက်လုံးလည်း အစေခံတွေရဲ့ အသံတိတ်ကြည့်ရှူနေတာကို ခံစားမိတာကြောင့် သူမက စိတ်ရှုပ်စွာ အော်ခဲ့လေသည်။ "ခွေးမတွေ ဘာကြည့်နေတာလဲ၊ ငါ့သခင်မလေးက ယွီမိသားစုရဲ့ သွေးသားမဟုတ်တော့ကော ဘာဖြစ်လဲ၊ သခင်မလေးက ဒီယွီမိသားစုမှာ ၁၅နှစ်လောက် နေထိုင်လာခဲ့ပြီး မဒမ်ကြီးနဲ့ကော မှူးမတ်ကြီးနဲ့ပါ အနက်ရှိုင်းဆုံး သံယောဇဥ်တွေတွယ်နေပြီ၊ ဒုသခင်မလေးပြန်လာတာတောင် သူတို့က သူ့ကိုအလိုမလိုက်ဘဲ ငါတို့သခင်မလေးကိုပဲ မျက်နှာသာပေးတာလေ၊ နင်တို့ခွေးမအုပ်စုက အခု ငါ့သခင်မလေးကို နှိပ်စက်ဖို့တွေးနေတာလား၊ သခင်မလေးကို မလေးမစားလုပ်ရဲတဲ့လူကို မှူးမတ်ကြီးက အသားလုံးဖြစ်သွားအောင် ခုတ်ဖြတ်ပစ်မယ်လို့ပြောတယ်၊ နင်တို့သတ္တိရှိရင် လုပ်ကြည့်လိုက်လေ၊ စောနက ငါ့ကို ကြည့်နေတဲ့လူတွေက ဘယ်သူတွေလဲ၊ ကုန်းကျီ၊ ကျင်းလင်၊ လီအဖွားကြီး၊ ...ငါမှတ်ထားတယ်နော်၊ နင်တို့သတိထားနေကြ။"
ထိုစကားကိုကြားတော့ တံတိုင်းနားက လူအုပ်ကြီးက အမြန်ပြေးထွက်သွားခဲ့သည်။ တတိယသခင်မလေးက သွေးသားရင်း မဟုတ်သော်လည်း သူမနှင့် မှူးမတ်ကြီးနှင့် မဒမ်ကြီးတို့ကြားက ချစ်ခြင်းမေတ္တာက အတုအယောင် မဟုတ်ပေ။ ဒုတိယသခင်မလေးက အနောက်ဆောင်ခြံဝန်းကို လုယူလိုက်တော့ မှူးမတ်ကြီးက ချက်ချင်းပင် သူ့ဘေးက ကျင်းဖူခြံကို တတိယသခင်မလေးကို ပေးလိုက်သည်။ ဒါကိုကြည့်ခြင်းဖြင့် ဘယ်သူက အလိုလိုက်ခံရတယ် ဘယ်သူက အလိုလိုက်မခံရဘူးလည်းဆိုတာ သိသာတယ်မလား။