အခန်း(၁၁၃)
ယွီဖင်ယန်က ညသန်းခေါင်ယံမှ ပြန်လာခဲ့ပြီး မဒမ်အိုကြီးရဲ့ အဆောင်တော်က မီးလင်းနေသေးတာကြောင့် မဒမ်အိုကြီး မအိပ်သေးတာ သိသာသည်။
"ပြန်လာပြီလား၊ ဘယ်အချိန် စစ်မြေပြင်ကို သွားမှာလဲ။" မဒမ်အိုကြီးက လက်တစ်ဖက်ဖြင့် နဖူးကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် လမ်းလျှောက်တုတ်ကိုကိုင်ထားကာ သူမရဲ့ မျက်နှာက အိုဟာက မျက်တွင်းကျနေခဲ့သည်။
"ဒီညနေပဲ မြင်းတပ်ကိုသွားပြီး တပ်သားတွေ စုဆောင်းပြီးတာနဲ့ ထွက်မှာပါ။" ယွီဖင်ယန်က သူမကိုတွဲကာ ညောင်စောင်းထက် ထိုင်စေခဲ့သည်။
မဒမ်အိုကြီးက လက်တွေတုန်ယင်နေပြီး ဂျင်ဆင်းလက်ဖက်ရည်ကို ယူသောက်ကာ မေးခဲ့သည်။ "စစ်သည်တော် ဘယ်နှယောက် စုမှာလဲ။"
"စစ်သည်တော် ၈သိန်းပါ။"
မဒမ်အိုကြီးက လက်ချောင်းကို ရေတွက်ပြီး သက်ပြင်းချခဲ့သည်။ "ဒါဆို လဝက်လောက်ကြာရင်ထွက်မှာပေါ့။"
ယွီဖင်ယန်က အသံတိတ်ကာ ခေါင်းငြိမ့်ပြခဲ့သည်။ အခန်းထဲမှာ အချိန်အကြာကြီး အသံတိတ်နေပြီးမှ မဒမ်အိုကြီးက မျက်ရည်ကျကာ ပြောခဲ့သည်။ "ဘေးကင်းလုံခြုံစွာ ပြန်လာရမယ်နော်၊ ရှန်းအာရဲ့ ခြေထောက်က ပျောက်ကင်းတော့မှာ သူဘယ်လို မတ်တပ်ရပ်လည်းဆိုတာ နင်ကိုယ်တိုင်လာကြည့်၊ သေချာပေါက် ဘေးကင်းအောင်ပြန်လာခဲ့။"
ယွီဖင်ယန်ရဲ့ အသံက အက်ကွဲနေသည်။ "အဖွား စိတ်မပူပါနဲ့၊ ဒီမြေး သေချာပေါက် ပြန်လာမှာပါ အဖွားကို မထားခဲ့ပါဘူး။"
မြေးအဖွားနှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ အသံတိတ်နေခဲ့သည်။ မိနစ်၃၀ကြာပြီးနောက် မဒမ်အိုကြီးက ပင်ပန်းစွာ ပြောခဲ့သည်။ "နင့်ညီမကို သွားကြည့်လိုက်ဦး၊ သူက တစ်နေကုန် ဘုရားဆင်းတုတော်ရှေ့မှာ ဒူးထောင်ဆုတောင်းနေတာ၊ ဘယ်သူပြောပြော နားမထောင်ဘူး။"
ယွီဖင်ယန်က စိုးရိမ်မှုကို ဖိနှိပ်ပြီး ပြောခဲ့သည်။ "အဖွားကို အခန်းထဲ အရင်ပို့ပေးမယ် ပြီးမှ သွားတွေ့မယ်၊ ဒီမြေးမရှိတဲ့အခါ အဖွားက ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်နော် ဒါမှ ကျွန်တော်လည်း အဝေးကနေ စိတ်မပူရမှာ။"