အခန်း(၁၀၂)
နောက်တစ်နေ့တွင် ယွီရှန်းက စောစောထခဲ့သည်။ သူမက အလှပြင်ခုံရှေ့မှာထိုင်နေပြီး လျိုလွီ့က သူမ ဆံပင်ကို ဖီးသင်ပေးပြီး ရေစက်ကျပုံစံကြိုးလေးကို ဆံပင်မှာ တပ်ဆင်ပေးခဲ့သည်။ မျက်ခုံးနှစ်ခုကြားက ရေစက်ပုံစံ အနီရောင်အစက်လေးက သူမရဲ့ ချောမွတ်သည့် အသားအရေနှင့် မျက်လုံးဝိုင်းတွေက သူမရဲ့ ရုပ်ရည်ကို ကြော့ရှင်းလှပစေခဲ့သည်။
သူမက မှန်ရှေ့မှာ ငိုင်တိုင်တိုင်ထိုင်ကာ ကိုယ့်ဘာသာကိုယ် အလှပြင်မည့်ပုံမပေါ်တာကြောင့် ထောင်ဟုန်က စုတ်တံယူကာ မျက်ခုံးမွှေးဆွဲကူပေးဖို့ လုပ်ခဲ့သည်။
"ငါဒီနေ့ မိတ်ကပ် မလိမ်းဘူး။" ယွီရှန်းက အသိစိတ်ပြန်ကပ်လာပြီး ခဏလောက် တုံ့ဆိုင်းနေပြီးမှ စုတ်တံကို တွန်းဖယ်ခဲ့သည်။ သူမရဲ့ ဖြူသွယ်သည့် လက်ချောင်းလေးက သေတ္တာထဲက မက်မွန်သီးအရသာ နှုတ်ခမ်းနီကို ကောက်ယူပြီး နှုတ်ခမ်းထက်တွင် ခြယ်သဖို့လုပ်လိုက်သည်။
တကယ်လို့ ဒီနေ့ အစ်ကိုကြီးသာ သူမကို နမ်းခဲ့ပါက မက်မွန်သီးအရသာက သူအကြိုက်ဆုံး အရသာဖြစ်သည်။ သူမ အတွေးကို သူမဘာသာ သတိထားမိသွားသည့် အချိန်မှာပဲ သူမရဲ့ အေးတိအေးစက် အမူအရာက အက်ကွဲသွားပြီး စားပွဲပေါ်က နှုတ်ခမ်းနီတွေထည့်သည့် သေတ္တာကို အားဖြင့် ရိုက်ပစ်လိုက်လေသည်။
ထောင်ဟုန်နှင့် လျိုလွီ့လည်း ထိပ်လန့်သွားခဲ့ပြီး အမြန်ပင် အကျိုးအကြောင်း မေးခဲ့သည်။
"ဘာမှမဟုတ်ဘူး ယွီမောက်ချီ အကြောင်းတွေးပြီး နည်းနည်းဒေါသထွက်သွားလို့။" ယွီရှန်းက အားတင်းကာပြုံးပြီး လက်ဝေ့ယမ်းပြလိုက်သည်။ နည်းနည်းလောက် တွေဝေစွာထိုင်နေပြီးမှ ယွီရှန်းက နှုတ်ခမ်းနီကို နှုတ်ခမ်းထက်တွင် ခပ်ပါးပါး တို့ထိခဲ့ပြီး အရသာက တကယ်ချိုသည်။ ကိုယ်ခန္ဓာက စကားတွေကို ဆန့်ကျင်နေသည်။ ထိုစကားစုကို ရုတ်တရက်တွေးလိုက်မိပြီး ယွီရှန်းက သက်ပြင်းရှိုက်ကာ နဖူးကို ကိုင်ထားလေသည်။
"သခင်မလေး ဗိုက်နာသေးလား၊ မဟုတ်ရင်လည်း အခု အရိုအသေသွားပေးကြတော့မလား။" ထောင်ဟုန်က လေသံ တိုးတိုးဖြင့် မေးခဲ့သည်။