အပိုင်း(၁၃၅)
ပွဲတော်က ခမ်းခမ်းနားနားနှင့် ဘုရင်ကြီး ချီးမြှင့်ခဲ့သည့် ဝိုင်ပုလင်းတွေ ဖွင့်ခဲ့သည်။ မိသားစု နှစ်ခုက အခက်အခဲတွေနှင့် ဒုက္ခများကို အတူတူ ဖြတ်သန်းပြီးနောက် သံယောဇဥ်ပိုခိုင်မာ သွားခဲ့သည်။ မုန်တိုင်းပြီးသွားပြီဖြစ်တာကြောင့် အေးအေးဆေးဆေး ရွက်လွင့်နိုင်ပြီဖြစ်သည်။ သူတို့တွေ ပြောစရာ အကြောင်းအရာ များစွာရှိနေခဲ့သည်။
ယွီရှန်းက သူမ အစ်ကိုကြီးရဲ့ ခြေထောက်ကို အကြိမ်ရေ အနည်းငယ် တက်နင်းပြီး လက်ချောင်းလေးတွေဖြင့် တို့ခဲ့သည်။ သူမက အလွန်တည်ကြည်သော အမူအရာဖြင့် ခွက်ကိုမြှောက်ခဲ့သည်။ "လာကြ ကျွန်မတို့ မိသားစု ပြန်ပေါင်းဆုံခြင်းအတွက် သောက်ကြရအောင်။" သူမက ပြောပြီးသည်နှင့် တစ်ကျိုက်တည်း သောက်ပစ်ခဲ့သည်။
ယွီဖင်ယန်က သူမကို ပြင်းပြစွာ ကြည့်ပြီးနောက် သူလည်း တစ်ကျိုက်တည်း သောက်ပစ်ခဲ့သည်။ မဒမ်အိုကြီးနှင့် တခြားလူတွေလည်း ထိုအတိုင်းလုပ်ခဲ့သည်။ တစ်ခွက်ပြီးတစ်ခွက် သောက်ပြီးနောက် အရှိန်ပိုမြင့်လာကာ တဖြည်းဖြည်း ဝိုင်ပုလင်းများစွာကို သောက်လို့ကုန်သွားခဲ့သည်။ ယွီရှန်းက သောက်ရတာ ကြိုက်ပေမယ့် ကောင်းကောင်း မသောက်နိုင်ပေ။ ဝိုင်အနည်းငယ်သောက်ပြီးနောက် သူမက အနည်းငယ်ထွေနေပေမယ့် ငိုလည်း မငိုသလို အိပ်လည်းမပျော်ခဲ့ပေ။ သူမက ပါးတစ်ဖက်ကို လက်ဖြင့်ထောက်ပြီးတော့သာ ဘေးက ယွီဖင်ယန်ကို စူးနစ်စွာကြည့်နေခဲ့သည်။
သူမ အကြည့်ကိုမြင်တော့ ယွီဖင်ယန်ရဲ့ စိတ်နှင့်နှလုံးသားက ဒယ်အိုးပေါ်က ပုရွက်ဆိတ်တွေလို ဂနာမငြိမ် ဖြစ်နေသည်။ သူက ပွဲတော်က လူတိုင်းကို မောင်းထုတ်ပစ်ပြီး ယွီရှန်းကို ရင်ခွင်ထဲ ပိုက်ထားပစ်ချင်နေသည်။
မဒမ်အိုကြီးက သူမ မြေးမရဲ့ ရူးကြောင်ကြောင် ပုံစံလေးကိုတွေ့တော့ သူမက ပြုံးကာ အတိတ်ကို ပြန်သတိရသွားခဲ့သည်။ "ရှန်းအာ မူးနေပြီ၊ သူမူးနေရင် ဘယ်သူ့ကိုမှ မမှတ်မိဘဲ သူ့အစ်ကိုကြီးကိုပဲ မှတ်မိတာ၊ အို ဟုတ်သား သူက မူးတဲ့အချိန်ဆိုရင် သီချင်းဆိုရတာ ကြိုက်တယ်လေ၊ သူကို မူးအောင်တိုက်ပြီး သီချင်းဆိုခိုင်းခဲ့တာ၊ သူက ဇာတ်တစ်ခုလုံးရဲ့ အမျိုးသားနေရာ၊ အမျိုးသမီးနေရာ၊ မျက်နှာချေလိမ်းထားတဲ့အမျိုးသားနေရာ၊ မျက်နှာချေလိမ်းထားတဲ့ အမျိုးသမီးနေရာ အဖိုးကြီးနေရာနဲ့ ဟာသတွေကို လွယ်လွယ်လုပ်နိုုင်တယ်၊ သူက စိတ်ပါပါကို လုပ်တာလေ။"