အခန်း(၁၃၆)
နံပါတ်၄မင်းသားနှင့် ပူးပေါင်းကြံစည်ခဲ့သည့် အရာရှိတွေက ခေါင်းဖြတ်ကွပ်မျက်ခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းများ ဖြစ်ခဲ့သည်။ လေဟာပြင်စျေး ဝင်ပေါက်မှာ လူတွေနေ့တိုင်း သေနေခဲ့သည်။ ကွပ်မျက်သည့်စင်ပေါ်က နီရဲသည့် သွေးအိုင်တွေဆို သန့်ရှင်းလို့ မကုန်ဘဲ ထိုနေရာက နံဟောင်သည့်အနံ့ကြောင့် လူတွေက ရှောင်ကွင်းသွားကြသည်။ ပါဝင်ပတ်သက်ခဲ့သည့် အင်အားကြီး မိသားစုတွေ ဆုတ်ယုတ်သွားခဲ့ပြီး တော်ဝင်ခုံရုံးမှာ အရာရှိအသစ်တွေ တိုးလာခဲ့သည်။
အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ကြီး ချန်ကန်းရဲ့ ထိန်းချုပ်မှုအောက်မှာ အာဏာလွှဲပြောင်းမှုက အစီအစဥ်တကျဖြစ်ခဲ့သည်။ နောက်ဆုံးတော့ နံပါတ်၄မင်းသားကို ခေါင်းဖြတ်ကွပ်မျက်ဖို့ အမိန့်ကျခဲ့ပြီး ထိုကိစ္စ မဆောင်ရွက်ရသေးခင်မှာပဲ သူထီးနန်းသိမ်းယူဖို့လုပ်ခဲ့သည့် သတင်းက ပျံ့သွားခဲ့သည်။ နံပါတ်၅နှင့် နံပါတ်၆မင်းသားက နိုင်ငံ့မင်းသားရာထူး ရုတ်သိမ်းခံခဲ့ရသည်။ သူတို့ကို သာမာန်လူအဖြစ် ရာထူးမချခဲ့သော်လည်း ထိုအခြေအနေနှင့်တော့ သိပ်မကွာခဲ့ပေ။
၂လကြာပြီးနောက် ဘုရင်ကြီး ချန်ကန်းက ထီးနန်းစွန့်ကြောင်း ကြေငြာခဲ့ပြီး အိမ်ရှေ့စံမင်းသားကို ထီးနန်းလွှဲပေးခဲ့သည်။ သူက လူအများကြီးကို သတ်ခဲ့မိပြီး နိုင်ငံတော်ကို အထိနာစေခဲ့သည်ဟု ခံစားမိသဖြင့် ပြစ်မှုကျူးလွန်သူတွေရဲ့ မိသားစုကို အပြစ်ပေးမှု သက်ညှာပေးခဲ့သည်။ ထဲထဲဝင်ဝင် မပါဝင်သည့်လူတွေကို ရောင်းစားခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းသာ ပြုခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့ပါက မျိုးနွယ်စုက လူတိုင်း သတ်ဖြတ်ခံရမည်ဖြစ်ကာ လေဟာပြင်စျေးဝင်ပေါက်ကသွေးအိုင်က စျေးတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည်။
သို့ပေမယ့် ယွီမောက်ချီနှင့် လင်ရှီက ပေါ့လျှော့ကာအပြစ်ပေးခံရသည့် လူတွေထဲ မပါပေ။ ထောင်စောင့်က သူတို့အတွက်ဘဝရဲ့ နောက်ဆုံးထမင်း ပန်းကန်ကိုယူလာပေးသည့် အချိန်မှာတော့ ဝိဉာဥ်လွင့်မတတ် ကြောက်ခဲ့ကြလေသည်။ သူတို့က အကျဥ်းထောင်တံခါးကို ထုရိုက်ပြီး သက်ညှာပေးဖို့တောင်းဆိုကာ မတရားကြောင်းပြောကာ အော်ဟစ်ငိုယိုနေခဲ့သည်။