အပိုင်း(၁၃၃)
ကျော်ရှီ့က ထိပ်လန့်တကြား ခြေလမ်းတွေကို သွက်ခဲ့သည်။ သူမက တံခါးနားသွားလိုက်ပြီး သတင်းပို့သည့် အစေခံလေးကို ဆွဲခဲ့လေသည်။ "နင်ဘာပြောလိုက်တယ်၊ ထပ်ပြောစမ်း။"
"မှူးမတ်စံအိမ် ချိပ်ပိတ်ထားတာ ပြန်ဖြုတ်လိုက်ပြီး မဒမ်ကြီးက စံအိမ်ကို ပြန်ရောက်နေပါပြီ၊ တပ်သားတစ်စုက သူတို့ကို ပြန်ပြီးပို့ဆောင်ပေးတာပါ၊ သူတို့က ချိပ်ပိတ်ထားတာတွေ ဖျက်လိုက်ပါပြီ။"
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ မှူးမတ်စံအိမ်ကို ငါတို့သခင်ကြီးကို လွှဲပေးသင့်တာ မဟုတ်လား၊ မဟုတ်ဘူး၊ မဒမ်ကြီးက ငါတို့သခင်ကြီးရဲ့ မေမေကြီးလေ၊ သူပြန်နေလို့ရတယ်ဆိုကတည်းက ငါတို့ သခင်ကြီးလည်း ပြန်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မှူးမတ်ကြီးအတွက် ဘုရင့်အမိန့်ကျလာပြီလို့ သခင်ကြီး သတင်းသွားပေးလိုက်၊ မြန်မြန်မှူးမတ်စံအိမ်ကို သွားကြည့်ခိုင်းလိုက်။" ကျော်ရှီ့က အစက တုန်လှုပ်သွားပြီးနောက်တော့ ပျော်ရွှင်သွားခဲ့သည်။ သူမက အစေခံတွေကို လွှတ်ကာ ကြက်ပေါက်လေးတွေလို ပြေးလွှားစေခဲ့သည်။
ကျင့်ကော်မြို့စားကတော်က ဒေါသကိုဖိနှိပ်ပြီး ရှေ့တိုးပြီးပြုံးကာ ပြောခဲ့သည်။ "ဂုဏ်ပြုပါတယ် ညီမလေး၊ နင့်ရဲ့ခက်ခဲတဲ့အချိန်တွေ ကုန်ဆုံးသွားပြီး ကောင်းမွန်တဲ့အချိန်တွေ စတင်လာပြီ။"
ကျော်ရှီ့က ဆက်ပုန်းမနေတော့ပေ။ သူမက စကပ်မကာ ပြေးထွက်ခဲ့သည်။ မှူးမတ်စံအိမ်ကြီးက ဘယ်လောက်ကြီးကျယ်မြင့်မြတ် ခမ်းနားလည်းဆိုတာ သူမ ကိုယ်တိုင် တွေ့မြင်ခံစားချင်နေသည်။ သူမရဲ့ခင်ပွန်းနှင့် ယောက္ခထီ၊ ယောက္ခမတွေက နှစ်ပေါင်းများစွာ ကြာတာတောင် မမေ့ဘဲ အိပ်မက်ထဲထိပါ မက်ခဲ့ကြသည်။
ယွီကျွင်းဝေနှင့် သူ့သားက ကျင့်ကော်မြို့စားကြီးနှင့် အရက်သောက်နေပြီး သတင်းရတာနှင့် ချက်ချင်း ထွက်ကာ သွားစစ်ဆေးခဲ့သည်။ မှူးမတ်စံအိမ်ရဲ့ တံခါးမကြီးက ဖွင့်ထားကာ ချိပ်ပိတ်ထားသည့် စာရွက်က ဖြဲခံထားရကာ မြောက်လေဖြင့်တဖတ်ဖတ် လေလွင့်နေတာကို တွေ့လိုက်ရလေသည်။ အစေခံတွေနဲ့တပ်သားတွေက ဝင်ဝင်ထွက်ထွက်နှင့် ပစ္စည်းတွေ သယ်နေပြီး အလုပ်ရှုပ်ဟန် ပေါ်နေသည်။