အခန်း(၁၀၃)
အခုယွီရှန်းက ရထားလုံးပေါ်က အောက်ခံအထူအနက်ရောင်အခင်းကို ခုထိုင်ထားပြီး သူမ ရှေ့မှာက မျက်လုံးတွေတောက်ပပြီး ပြုံးနေသည့် ယွီဖင်ယန် ထိုင်နေသည်။
"တစ်ညလေးမတွေ့လိုက်တာနဲ့ မျက်ကွင်းက ဘာလို့ အဲလောက်ညိုနေတာလဲ။" ယွီဖင်ယန်က လက်ဆန့်ပြီး ယွီရှန်းရဲ့ မျက်ကွင်းညိုခြင်းကို ဂရုတစိုက်မေးခဲ့ပြီးနောက် သူ့အကြည့်တွေက ယွီရှန်းရဲ့ နှုတ်ခမ်းထက်မှာ တဝဲလည်လည်ဖြစ်နေသည်။
ယွီရှန်းက သူ့လက်ကိုပုတ်ထုတ်ပြီး ပြောခဲ့သည်။ "မထိနဲ့။"
"ဒေါသပိုကြီးလာတာပဲ။" ယွီဖင်ယန်က ခေါင်းခါပြီး ရယ်ခဲ့ကာ တဲ့တိုးပြောလေသည်။ "တစ်ညလုံး တွေးပြီးပြီမလား၊ ဘယ်လိုထင်လဲ။"
ယွီရှန်းက ပန်းတွေကို သဘောကျသည်။ ရထားလုံးပေါ်က စားပွဲလေးပေါ်မှာ လက်ဖဝါးအရွယ်အစားရှိ ပန်းအိုးလေးကို ကြိုးဖြင့်ချည်ပြီး တင်ထားခဲ့သည်။ ကျောက်စိမ်းပန်းအိုးအဝိုင်းထဲက ပန်းပင်လေးရဲ့ အရွက်နှစ်ခုက ထောင်ထောင်လေးဖြစ်နေကာ သူတို့နှစ်ယောက်ရဲ့စကားကို နားစွင့်နေဟန်နှင့်တူသည်။
ယွီရှန်းက ပန်းအိုးကိုယူထုတ်ပြီး ကိုင်ထားကာ ယွီဖင်ယန်ကို ပြောခဲ့သည်။ "တစ်ညလုံးစဥ်းစားပြီးနောက်တဲ့တော့ ဒီကိစ္စကို အစ်ကိုကြီးနဲ့ဆွေးနွေးဖို့လိုတယ်လို့ထင်တယ်။"
ယွီဖင်ယန်က နေရာရွှေ့ပြီး ယွီရှန်းရဲ့ဘေးမှာထိုင်ကာ သူမရဲ့ ပုခုံးကို ဖက်လိုက်သည်။ သူ့အသံက တိုးပြီးနူးညံ့နေသည်။ "ဟုတ်လား၊ အဲတော့ ရှန်းအာက ဘာဆွေးနွေးချင်တာလဲ၊ သေချာနားထောင်ပေးမှာပေါ့။" သူ့ရဲ့ ယောက်ျားဆန်သည့် ရနံ့က နှာခေါင်းကို ပြင်းထန်စွာ ရန်စနေခဲ့သည်။
ယွီရှန်းက သူ့ရဲ့ဖက်ထားမှုအောက်ကနေ ပုခုံးကိုလှုပ်ကာ ရုန်းထွက်ခဲ့ပေမယ့် အချည်းအနှီးသာဖြစ်ခဲ့ပြီး ယွီဖင်ယန်ကိုသာ ရယ်မောစေတာကြောင့် သူမလည်း နားထိပ်လေးနီစွာ ပြောရလေသည်။ "ဒီမှာ ပန်းအိုးတွေ့လား။"
"တွေ့သားပဲ။" ယွီဖင်ယန်က ပြုံးပြီး ခေါင်းငြိမ့်ပြခဲ့သည်။