အပိုင်း(၁၂၂)
ဘုန်းတော်ကြီး ခူဟွေ နံပါတ်စတင်ရေတွက်သည်နှင့် ယွီရှန်းက ယွီဖင်ယန်ရဲ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး အသက်ရှူသံတွေ ပြင်းနေသည်။ သူ့ကို ယွီရှန်းက နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ကာ ကြည့်နေပုံက သူဒဏ်ရာရထားတာထက် အဆ၁၀၀ ပိုနာကျင်စေခဲ့သည်။
ယွီဖင်ယန် သာမက ဘုန်းတော်ကြီး ခူဟွေကလည်း ပြုံးလိုက်မိပြီး ဒီနှစ်ယောက်ကြားက ခံစားချက်တွေက သိပ်ရိုးရှင်းတာပဲဟု တိတ်တဆိတ် တွေးလိုက်မိလေသည်။
"နေဦး၊ မရေတွက်နဲ့တော့။" ဒီတစ်ခါတော့ ယွီဖင်ယန် တားမြစ်လိုက်တာဖြစ်သည်။ သူက တုန်ယင်နေသည့် ယွီရှန်းကို တင်းတင်းဖက်ထားခဲ့သည်။ ထို့နောက် သူမရဲ့ တောက်ပနေသည့်မျက်လုံးတွေကို လက်ဖြင့်ကာလိုက်ပြီး သြရှစွာပြောခဲ့သည်။ "ထုတ်လိုက်တော့။"
သူပြောပြီးသည်နှင့် ဘုန်းတော်ကြီးခူဟွေက မြှားခေါင်းကိုဆွဲထုတ်ပြီး ငွေအပ်ဖြင့်ဒဏ်ရာကိုချုပ်ခဲ့သည်။ အနာဘေးတွေမှာ ပြည်တည်နာတွေရှိနေတာကြောင့် ဓားကိုနီရဲနေအောင်အပူပေးပြီး ဖြည်းဖြည်းချင်းထုတ်ခဲ့သည်။ ယွီဖင်ယန်က မညည်းညူခဲ့သည့်အပြင် သူ့ရဲ့ကြွက်သားတွေက ပျော့ပြောင်းနေခဲ့သည်။ သူနေ့နေ့ညည တောင့်တခဲ့ရသည့် အချစ်လေးကို ရင်ခွင်ထဲ ထွေးပိုက်ထားရမှတော့ သူ့မှာ ချိုမြိန်မှု၊ ပျော်ရွှင်မှုအပြင် တခြား ဘာမှ မခံစားရတော့ပေ။
ယွီရှန်းက သူ့လက်ဖဝါးကိုဆွဲဖယ်လိုက်တော့ ချစ်ခင်စွာစိုက်ကြည့်နေသည့် ယွီဖင်ယန်ရဲ့ အကြည့်တွေကိုဆုံလိုက်ရတော့ သူမက ခဏလောက် ကြက်သေသေသွားခဲ့သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အကြာကြီး စိုက်ကြည့်ခဲ့ပြီးနောက် တင်းကြပ်စွာ ပွေ့ဖက်ခဲ့ကြလေသည်။
ဘုန်းတော်ကြီး ခူဟွေက ယွီဖင်ယန်ရဲ့ အနာဒဏ်ရာတွေကို မြန်မြန်ကုသပေးခဲ့သည်။ ထို့နောက် ယွီဖင်ယန်ရဲ့ လက်ထောက်နှစ်ယောက်ဆီ သွားခဲ့သည်။ ထောင်ဟုန်နှင့် လျိုလွီ့က ရေနွေးပါသည့်အိုးနှစ်လုံးကို ယူလာကာ မှူးမတ်ကြီးရဲ့ ကိုယ်ခန္ဓာကို သန့်စင်ပေးဖို့ လုပ်ခဲ့သည်။