TYCDTN
Chapter 44
မဒမ်အိုကြီးက ကြောက်လန့်မှုကြောင့် ခေါင်းကိုက်နေတုန်း ဝမ်ချုံက အခန်းလိုက်ကာကို မကာ စိတ်လှုပ်ရှားစွာ အော်လေသည်။
"မကောင်းတော့ဘူး မဒမ်ကြီးရေ သခင်မကြီးက သူ့ဘာသာသူ ဆွဲကြိုးချသေ နေပါတယ်၊ သွားကြည့်ကြည့်ပါဦး"
"ဘာ၊ ဆွဲကြိုးချသေတယ် ဟုတ်လား၊ သေသွားပြီးလား"
ညောင်စောင်းထက်ကပင် လှိမ့်ကျတော့မည်အထိ မဒမ်အိုကြီးက အံ့သြသွားခဲ့သည်။
"ကံကောင်းချင်တော့ ကျင်းမောမောက တွေ့သွားပြီး အချိန်ကိုက် ကယ်တင်နိုင်ခဲ့ပါတယ်၊ အသိစိတ်တစ်ဝက်လောက်ပဲရှိပြီး ဗလုံးဗထွေး ပြောနေပါတယ်"
ဝမ်ချုံက ဆောင့်ကြောင့်ထိုင်ကာ မဒမ်အိုကြီးကို ဖိနပ်စီးပေးလိုက်သည်။
သေချာလေး ဖိနပ်စီးလို့ မပြီးသေးခင်မှာပဲ မဒမ်အိုကြီးက ဒေါသတကြီး ထထွက်သွားကာ တွေးလေသည်။ တစ်ယောက်က ငါ့ရဲ့မှူးမတ်စံအိမ်တော် ပျက်စီးသွားအောင်အထိ ကံဆိုးနေပြီး နောက်တစ်ယောက် ငါတို့ယွီမိသားစုရဲ့ ဂုဏ်သိက္ခာထိခိုက်သွားအောင် အိမ်မှာ ဆွဲကြိုးချသေတယ်။ သားအမိ၂ယောက်လုံး ငါတို့အိမ်ကို အကြွေးလာသိမ်းတာ များလား။
ယွီရှန်းက သခင်မကြီးရဲ့ခြံထဲကို အရင်ရောက်နေခဲ့သည်။ သူ(မ)က လင်ရှီကို မချစ်သော်လည်း နာမည်အရ လင်ရှီရဲ့သမီး ဖြစ်ပြီး ယွီစံအိမ်ရဲ့ တာဝန်ခံလည်း ဖြစ်တာကြောင့် အစေခံတွေ တင်ပြလာသည်ကို လျစ်လျူရှုလို့ မရပေ။
လင်ရှီက ညောင်စောင်းထက်တွင် လဲကာ အသက်ကိုလုရှူနေသည်။ ခရမ်းရောင်သမ်းနေသည့် မျက်နှာက သက်သာသွားပေမယ့် လည်ပင်းထက်က ကြိုးရာကြီးက အလွန်ထိပ်လန့်ဖို့ ကောင်းလွန်းသည်။ မျက်လုံး ၂လုံးက တင်းတင်းပိတ်ထားကာ ပါးစပ်က ဗလုံးဗထွေးတွေပြောနေသည်။
ယွီရှန်း နား၊နားကပ်ကာ နားထောင်လိုက်တော့ ကြားလိုက်ရသည့်စကားက..
"ငါ့သမီးလေး ငါ့သမီးလေး ဘယ်မှာလဲ"
ယွီရှန်းက သူ(မ)ဘာသာ သူ(မ) တစ်ခါမှ အပြင်လူလို့ မတွေးဖူးသည့်အပြင် သူ(မ)က ယွီစံအိမ်တော်နှင့် သွေးသားမတော်စပ်တာကိုလည်း မသိပေ ဒါကြောင့် တစ်ယောက်ယောက်ဖြင့် မြန်မြန်လေး သမားတော်ပင့်ခိုင်းလိုက်ပြီး စိတ်မချမ်းမြေ့စွာ သရော်လေသည်။