အပိုင်း(၁၂၃)
ယွီရှန်းအိပ်ပျော်သွားတော့ ယွီဖင်ယန်က သူမကို ကောက်ရိုးထူပေါ် ချပေးခဲ့ပြီး အအေးမမိစေရန်အတွက် လျှောကျနေသည့် ဝတ်ရုံကို သေချာခြုံပေးခဲ့သည်။ ထို့နောက် သူက အကာလုပ်ထားသည့် ဘုန်းတော်ကြီးဝတ်ရုံကို မပြီး အပြင်ထွက်ကာ ကဖန်မင်နှင့် လင်းကျယ်ဆီ သွားခဲ့သည်။ ဘုန်းတော်ကြီးခူဟိုင်နှင့် တခြားလူတွေက ကျောက်ရုပ်တွေလို မလှုပ်မယှက် တရားထိုင်နေခဲ့သည်။
"တပ်ထဲမှာ ရန်သူဘက်ကိုကူးသွားတဲ့လူတွေရှိနေတယ်၊ နှစ်ယောက်လုံး သတိထားနေကြ၊ အခု ငါတို့တပ်က ဝူလန်စီရင်စုကို ပြန်ဆုတ်သွားပြီး အနောက်ပိုင်းလူရိုင်းတွေရဲ့ ဝန်းရံတာခံထားရတာမလို့ အတွင်းရောအပြင်ပါ အခက်အခဲတွေနဲ့ကြုံနေရတယ်၊ ဒါ့အပြင် ဒီရှုံးနိမ့်မှုက ငါတို့အပေါ် အပြစ်ပုံချခံရမှာစိုးရတယ်၊ ရန်သူနဲ့ပူးပေါင်းခဲ့တဲ့လူအစား အပြစ်ပုံချခံရမှာ။" သူက ဖြည်းညင်းစွာပြောခဲ့သည်။
"ဘယ်ဘက်စစ်နံကိုဦးဆောင်တဲ့ ရွှီမောက်က ရန်သူဘက်ကို ဘက်ပြောင်းသွားခဲ့တယ်၊ တခြားလူတွေရှိဦးမလားတော့ မသေချာဘူး၊ တစ်ယောက်ယောက်က ရန်သူဘက် ကူးပြောင်းသွားမှတော့ ဒီအတွင်းရေးအပြင်ရေး ပဋိပက္ခက ဟန်ပြပဲနေမှာ၊ အနောက်ပိုင်းလူရိုင်းတွေရဲ့ ဒုတိယမင်းသားက ထီးနန်းအတွက် သွားတိုက်ချင်နေတာမလို့ ညှိနှိုင်းပြီးတာနဲ့ မကြာခင် တပ်ပြန်ဆုတ်လိမ့်မယ်၊ တပ်မှူးကြီး ကျွန်တော်တို့ နာမည်ကို ပြန်သန့်စင်ချင်ရင် အနောက်ပိုင်းလူရိုင်းစစ်တပ်ကို ဖျက်ဆီးပြီး ဆုံးရှုံးခဲ့တဲ့ မြို့နှစ်မြို့ကို ပြန်ယူမှရမှာပါ။" လင်းကျယ်က သေသေရှာရှာ ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။
"ဒါပေမဲ့လည်း တစ်တပ်လုံးမှာ ငါတို့သုံးယောက်ပဲကျန်တာလေ၊ အနောက်ပိုင်းလူရိုင်းတပ်ကို ဘယ်လိုတိုက်ထုတ်မှာလဲ။" ကျန်မင်က စိတ်ပျက်စွာ ခေါင်းငိုက်စိုက်ချထားခဲ့သည်။
"ရှင်းလော့လမ်းကိုသွားပြီး ဖန်းတာ့ရဲ့တပ်သား ၅၀၀၀၀ကို တိုက်ခိုက်ဖို့စုရုံးမယ်၊ အနောက်ပိုင်းလူရိုင်းတပ်ကို လျှပ်တပြက်ဝင်တိုက်ပြီး ချကန်ဘာလာ ကိုသတ်မယ်။" ယွီဖင်ယန်ရဲ့ မျက်လုံးတွေက လူသတ်ငွေ့တွေဖြင့် လက်နေခဲ့သည်။