TYCDTN
Chapter 47
မဒမ်အိုကြီးနှင့်လင်ရှီ စံအိမ်တော်ကိုပြန်ရောက်တော့ နေဝင်နေပြီဖြစ်သည်။ ယွီရှန်းက အစားအစာတွေအသင့်ပြင်ထားက ဘေးခန်းမထဲတွင် စောင့်ဆိုင်းနေသည်။ ယွီဖင်ယန်လည်း ပြန်ရောက်လာပြီဖြစ်ကာ ညီမဖြစ်သူရဲ့လက်ကို ကြင်နာယုယစွာ ပွတ်သပ်ပေးနေသည်။
"ထမင်းအတူတူစားရအောင်"
မဒမ်အိုကြီးက လင်ရှီကို ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်အမေ ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်းပဲ ပြန်စားလိုက်ပါ့မယ်"
ယွီရှန်းကို မြင်တာနဲ့ လင်ရှီက အစာစားချင်စိတ်ပါ ပျောက်သွားခဲ့သည်။ ကံကောင်းချင်တော့ သမီးလေးပြန်ရောက်ပြီဆိုတော့ အနာဂတ်မှာ သူ(မ)ကို အဖော်ပြုပေးမယ့်လူ ရှိလာတော့မည်ဖြစ်သည်။
မဒမ်အိုကြီးကလည်း လောကျွတ်ချော်လိုက်ခြင်းသာဖြစ်သည်။ တကယ်လို့ လင်ရှီ သဘောတူခဲ့ပါက သူ(မ)လည်း အကျပ်ရိုက်သလိုခံစားမိမည်ဖြစ်သည်။ ဒါကြောင့် လင်ရှီကို ဆက်နေဖို့မပြောတော့ဘဲ ထွက်သွားဖို့ လက်ယမ်းပြလိုက်သည်။
"အဖွား ဒီနေ့ အမေနဲ့ဘယ်သွားလာတာလဲ၊ သူ့ကိုကြည့်ရတာ အရမ်းပျော်နေပုံပဲ၊ ၁၄နှစ်လုံးလုံး ဒီလောက်ပျော်နေတာ တစ်ခါမှ မတွေ့ဖူးဘူး"
ယွီရှန်းက မဒမ်အိုကြီးကို ပြုံးကာမေးလိုက်သည်။ သူ(မ) မျက်လုံးတွေက တောက်ပနေသည်။
မဒမ်အိုကြီးက မြေးမလေးရဲ့ နွေးဦးလိုလှပသည့် မျက်နှာလေးကိုတွေ့လိုက်တော့ သူ(မ)ရဲ့ နှလုံးသားလေးချိုမြသွားကာ အချစ်တွေပြည့်လျှံသွားလေသည်။ သူ(မ)က ယွီရှန်းနားလျှောက်သွားကာ ခေါင်းလေးကို ပုတ်ပေးရင်း
"၁၄နှစ်လုံး မတွေ့ဖူးဘူးလား၊ ဒီကလေးမလေးက မွေးဖွားတုန်းက အချိန်တွေကိုကော မှတ်မိနေတာလား၊ တကယ်ကို ကောင်းမွန်တဲ့ဝိဉာဥ်ပြန်ဝင်စားတာပဲ"
"ဟုတ်မှာပေါ့လေ၊ အဖွား မြန်မြန်ထိုင်စားတော့ အေးသွားရင် စားလို့မကောင်းတော့ဘူး"
ယွီရှန်းက အစေခံလေးတွေကို လက်ဖြင့် အချက်ပြကာ ဟင်းတွေ တည်ခင်းခိုင်းလိုက်သည်။