အပိုင်း(၂၂)
" အရှင့်သားပေးပို့ခိုင်းထားတဲ့ အသိပေးစာကို ပို့ပေးခဲ့ပါပြီ "
မဏ္ဍိုင်ပထီမှာ ရမ်းနွတ်ပြောလာသည့်စကားကို ခေါင်းညိမ့်ပြလေကာ တစ်ဖက်စောင်းအိပ်နေသော ချစ်ရသူ၏ပါးပြင်အား အသာအယာငုံ့နမ်းလိုက်သည်။
" တုံ့ပြန်မှုရှိသလား! "
" မရှိတဲ့အပြင် ဆန့်ကျင်ဘက်အရိပ်အယောင်များကိုသာ တွေ့နေရကြောင်းပါ "
ဗလာကျင်းနေသော ခန္ဓာကိုယ်အား ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ရုံမျှသာ ဝတ်ဆင်လိုက်ပြီး ဆေးတံရှည်ကို အဝတ်အပိုင်းအစဖြင့် စိတ်ပါလက်ပါ ပွတ်သုတ်နေရင်း ရမ်းနွတ်စကားကို အသာနားထောင်နေလိုက်သည်။
" မယ်တော့်နန်းဆောင်မှာရော ဘာထူးခြားမှုရှိသလဲ "
" မရှိကြောင်းပါ တပ်သားအားလုံးကို မိဖုရား ဘရဏီ... "
ပြောနေတုန်းရှိသေး စူးရဲစွာဖြင့်စိုက်ကြည့်လာသော မဏ္ဍိုင်ပထီကြောင့် သူ့စကားအသုံးအနှုန်းမှားသွားကြောင်းသိလိုက်ရလေသည်။
" တောင်းပန်ပါတယ်အရှင့်သား ကျွန်ုပ်ကို ကြိုက်ရာအပြစ်ပေးတော်မူပါ "
" ကျစ်! တော်ပါသေးတယ် ခင်ခင်အိပ်ပျော်နေလို့သာပေါ့ မင်းစကားက ငါ့ကြင်ယာတော်ကို ဘယ်လောက်ထိဝမ်းနည်းသွားစေနိုင်သလဲ သိရဲ့လား အပြောအဆိုဆင်ခြင်ပြီး စောစောက စကားကိုဆက်တော့ "
ရမ်းနွတ်မှာ သက်ပြင်းမောအား ခပ်တိုးတိုးချရင်း..
" မိန်းမပျိုဘရဏီရဲ့ နန်းဆောင်အတွင်းအပြင်မှာ ဘုရင်မရဲ့တပ်သားတွေအားလုံးရောက်ရှိနေကြောင်းပါ ကြည့်ရတာတော့ ဘုရင်မနဲ့မိန်းမပျိုဟာ မနက်ဖြန်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မည့်အနေအထားမှာရှိနေပါတယ် "
" အဟားး "
ခပ်မဲ့မဲ့ ပြုံးရယ်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော ခင်ခင့်အနားကို တိုးကပ်သွားလိုက်ကာ အဖြူရောင်ဆံနွယ်ရှည်လေးများအား လက်ဖြင့်ထိတွေ့ကိုင်တွယ်ပြီး မြတ်မြတ်နိုးနိုးနမ်းရှိုက်နေလိုက်သည်။တဖန်ကျိန်စာသင့်နေလေသော မျက်နှာလေးအား လက်ဖြင့်အသာထိနေရင်း မဏ္ဍိုင်ပထီ၏နှုတ်မှတီးတိုးပြောနေသည့်စကားမှာ..
" ဘာမဟုတ်တဲ့မိဖုရားငယ်ကိစ္စတွေကြောင့် ကျုပ်ရဲ့ခင်ခင် စိတ်ပူပန်နေရမှာမျိုးမဖြစ်စေရဘူး ကြင်ယာတော်စိတ်ချမ်းသာပြီးရယ်မောနိုင်စေဖို့ ကျုပ်ဘာပဲဖြစ်ဖြစ်လုပ်မယ် အဲ့ဒီ့လုပ်ရပ်တွေက မှားနေတယ်ဆိုရင်တောင် ၊ မင်းကောင်းမင်းမြတ်တစ်ပါးမဖြစ်နိုင်ဘူးဆိုရင်တောင် လက်တွန့်နေမှာမဟုတ်ဘူး ခင်ခင့်အတွက်ဆိုရင် ဒီနိုင်ငံကို စွန့်ပစ်လိုက်ဖို့လဲ ဝန်မလေးသလို လူအားလုံးကိုသတ်ပစ်လိုက်ဖို့လဲ ဝန်မလေးဘူး ကျုပ်ဟာရူယန်းတိုင်းပြည်ရဲ့သားကောင်းတစ်ယောက်မဟုတ်ဘူးဆိုရင်တောင် ခင်ဗျားအတွက်တော့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ကိုဖြစ်စေရမယ် "
YOU ARE READING
ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)
FantasyAvailable 📌 Unicode & Zawgyi adult scenes ❗❗